ခင်ဦးမှာ စစ်ကောင်စီရွေးကောက်ပွဲကို မပူးပေါင်းဖို့ NUG အမိန့်ထုတ်
တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို မပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၀ ရက် ဒီနေ့မှာ အမိန့်ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-01-20 -
-
-
တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခင်ဦးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၀ ရက် ဒီနေ့မှာ အမိန့်ထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လူဦးရေစာရင်း စတင်ကောက်ယူတာတွေ စတင်ပြုလုပ်နေတာပါ။
တစ်ချိန်တည်းမှာပဲ ခင်ဦးမြို့နယ်ထဲက ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြတွေတွေကို နေ့စဉ်လိုလိုပြုလုပ်နေပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘဲ ဟန်ပြရွေးကောက်ပွဲတစ်ခုဖြစ်သာ ပုံဖော်ထားတာကြောင့် တားဆီးဟန့်တားတာတွေဆောင်ရွက်နိုင်ဖို့ စည်းရုံး လှုံ့ဆော်နေတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပြီး လက်ရှိ မဲစာရင်းအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကွင်းဆင်းပြီး လူဦးရေစာရင်း ကောက်ယူတာတွေ ပြုလုပ်နေသလို ရွေးကောက်ပွဲကိုလည်း အချိုးကျကိုယ်စားပြု စနစ်(PR) နဲ့ ကျင်းပမယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
စစ်ကောင်စီကတော့ အခုလို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေဟာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို နှောက်ယှက် ဖျက်ဆီးနေတာလို့ ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။