ခင်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရကာ သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၀၂၁ ဧပြီလ ၁ ရက်နေ့က သာဝတ္ထိကျေးရွာအတွင်း ဆန္ဒပြခဲ့ကြစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရကာ သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အသက် ၄၃ နှစ်အရွယ် မုံလှရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်ဟာ သြဂုတ်လ ၇ ရက် ဒီနေ့ မနက် ၁ နာရီခန့်မှာ သေနတ်သမားတွေက သူ့နေအိမ်ထဲ ဝင်ပစ်သတ်သွားတာလို့ အဲဒီဒေသခံက ပြောပါတယ်။

“ညက သေနတ်သမားတွေက အုပ်စုလိုက်ဝင်ပြီးတော့ စစ်ကောင်စီခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ပြီးပစ်သတ်သွားတာ။ သေနတ်သမားတွေက ၂၀ လောက်ထိပါမယ်။ အကုန်လုံးက အိမ်ပေါ်ထိ မတက်ဘူး။ ငါးယောက်လောက်တက်သွားပြီး သေနတ်နဲ့ ပစ်သတ်သွားတာ။ သေတာကတော့ အဲချိန် ကတည်းက သေတာ။ မနက်ကျတော့ နာရေးကူညီမှုကားက ခင်ဦးဆေးရုံကိုတော့ သယ်သွားတယ်။ ဒါပေမဲ့ သေတာက ရွာထဲက သေသွားပြီ“

အဲဒီအုပ်ချုပ်ရေးမှူးဟာ ဆန္ဒပြခဲ့တဲ့ရွာထဲက လူငယ်တွေကို စစ်ကောင်စီဆီ သတင်းပေးတာ၊ ကျေးရွာအတွင်း အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုတွေမှာ ထောက်ပံ့နေသူတွေကို စစ်ကောင်စီဆီ တိုင်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီ သတင်းပေးဆိုသူတွေ အသတ်ခံကြရတာဟာ ဒါနဲ့ဆို ၁၆ ဦးထိ ရှိသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org