ခင်ဦးမှာ အရပ်သားတစ်ဦး ပစ်သတ်ခံရပြီး တစ်ဦးမိုင်းနင်းမိလို့ ဒဏ်ရာရ
ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရွာမှာ အမျိုးသားတစ်ဦး အသတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရသွားပါတယ်။
-
RFA Burmese
2023-10-16 -
-
-
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရွာမှာ အောက်တိုဘာလ ၁၅ ရက်နေ့က အမျိုးသားတစ်ဦး အသတ်ခံရပြီး အောက်တိုဘာလ ၁၆ ရက် ဒီကနေ့မနက်ပိုင်းမှာ နောက်ထပ်အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရသွားတယ်လို့ ခင်ဦးဒေသခံတွေက RFA ကို ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က အင်အား ၁၂၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာဘက်ကနေ ခင်ဦးမြို့နယ် အနောက်တောင်ဘက်အခြမ်းက ရွာတွေကို စီးနင်းခဲ့တာပါ။
ညောင်ပင်ကြီးစုရွာမှာတော့ အောက်တိုဘာလ ၁၅ ရက်ညနေပိုင်းက အသက် ၄၀ အရွယ် ကိုမင်းမင်းဆိုသူကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းက မနေ့မနက်ကတည်းက ညောင်ပင်ကြီးစုရွာထဲ ဝင်နေတာ။ အဲဒါ ညနေဘက်ရောက်တော့ စစ်ကြောင်းထွက်ပြီအထင်နဲ့ ရွာထဲပြန်ဝင်သွားတဲ့ ကိုမင်းမင်းက ကင်းပုန်းနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ”
အောက်တိုဘာလ ၁၆ ရက် ဒီကနေ့မနက်မှာလည်း စစ်ကောင်စီတပ်သားတွေ ထွက်သွားချိန် ညောင်ပင်ကြီးစုရွာထဲ ပြန်ဝင်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိတာကြောင့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ရှိ မူးသာရွာဘက်ကနေ ရေဦး-ညောင်ပင်သာ ကားလမ်းမဘေးက ရွာသစ်ရွာကို ရောက်နေပြီလို့ ခင်ဦးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အောက်တိုဘာလ ၁၄ ရက်ကစပြီး ခင်ဦးမြို့နယ်ထဲကရွာတွေကို ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာဘက်ကလာတဲ့ အင်အား ၁၂၀ ခန့်ပါတဲ့စစ်ကြောင်း၊ ရွာသစ်ကုန်းရွာမှာ အထိုင်ချထားတဲ့ အင်အား ၃၀ ပါစစ်ကြောင်းတစ်ခုနဲ့ ဖုတ်ကုန်းရွာမှာ အင်အား ၅၀ လောက်ပါတဲ့စစ်ကြောင်းတစ်ခု စုစုပေါင်း စစ်ကြောင်းသုံးခုနဲ့ စီးနင်းနေတာလို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ခင်ဦးမြို့နယ်ထဲက သိန်တော်၊ ရုံးစု၊ ကြာပင်အိုင်၊ ညောင်ပင်ကြီးစု၊ ဗျိုင်းကြိုင်၊ မူးသာ၊ သက်ပေး စတဲ့ရွာတွေ အပါအဝင် ရွာဆယ်ရွာက ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးခဲ့တဲ့ အရပ်သား ၄,၁၄၆ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။