ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးရ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာသုံးရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။
-
RFA Burmese
2023-01-16 -
-
-
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာသုံးရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ ရေဦးမြို့နယ်က စစ်ကောင်စီတပ်အင်အား ၁၅၀ ကျော်နဲ့ ပြင်ထောင်ရွာဘက်က ပျုစောထီးဆိုသူတွေဟာ မြင်းဒေါင်းရွာ၊ သရက်ပင်စုရွာနဲ့ မကျည်းကုံရွာတွေကို ဝိုင်းထားပြီး ဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီသုံးရွာကို ပတ်ခြာလည်ဝိုင်းပြီး အကုန်ဖြန့်ဝင်နေတယ်။ နောက်တစ်ခုက ပြင်ထောင်ဘက်က ပျုတွေက မကျည်းကုန်းရွာဘက်ကနေ ဝိုင်းတယ်။ နောက်ကကောင်တွေက သရက်ပင်စု မြောက်ဘက်ကပတ်ပြီး ဝိုင်းဝင်တဲ့အခါကျ ထွက်ခဲ့ရတာ။ သူတို့ဝင်လာလို့ အကုန်ရှောင်နေရတာ"
စစ်ကြောင်း ဝင်ရောက်မှုကြောင့် မြင်းဒေါင်းရွာက ဒေသခံ ၂၆၀၀ ခန့်၊ မကျည်းကုံရွာက ဒေသခံ ၁၅၀၀ ခန့်၊ သရက်ပင်စုရွာက ဒေသခံ ၁၅၀၀ ခန့်အပြင် အနီးနားရွာတွေဖြစ်တဲ့ အင်ဒိုင်းရွာက ဒေသခံ ၁၀၀၀ ခန့်၊ ကားဆိပ်ရွာက ဒေသခံ ၁၀၀၀ ခန့်တို့ ထွက်ပြေးနေ ရတယ်လို့ ဆိုပါတယ်။
အင်ဒိုင်းရွာက ဒေသခံတစ်ဦးလည်း ပုန်းအောင်းနေချိန် လက်နက်ငယ်နဲ့ ပစ်ခတ်ခံရ တာကြောင့် ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၆ ရက် ဒီနေ့နေ့လယ်ပိုင်းအထိတော့ နေအိမ်တွေကို မီးရှို့တာမတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကလည်း လုံခြုံရေးကိစ္စတွေကို ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို ဖြေဆိုဖူးပါတယ်။