ခင်ဦးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ

ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေလို့ ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို မေလ ၈ ရက်ဒီနေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေလို့ ခင်ဦးမြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ရွာတွေက ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အဲဒီထွက်ပြေးနေရသူတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းကို ရေဦးမြို့နယ်ထဲကလာတဲ့ အင်အား ၇၀ ပါ စစ်ကြောင်းက ဝင်ရောက်နေပြီး အရှေ့ဘက်ခြမ်းမှာတော့ အင်အားနှစ်ရာနီးပါးနဲ့ ဝင်ရောက်စီးနင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ အနောက်စစ်ကြောင်းက ကျွန်းလည်ကိုရောက်နေပြီ အရှေ့စစ်ကြောင်းက သင်ပေါင်းကားကို လာနေတယ်။ ဒီနေ့တော့ မီးရှို့တာမရှိသေးဘူး။ လက်နက်ကြီး တွေနဲ့ပစ်ခတ်ပြီး ဝင်တာတွေရှိတော့ အကုန်ထွက်ပြေးနေရတယ်”

ခင်ဦးမြို့နယ်အရှေ့ခြမ်းကို မေလ ၇ ရက်မနေ့က စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းချိန် ကုတ္တက်နဲ့ ကဘွက်ရွာတွေ မီးရှို့ခံရပြီး ဒေသခံတွေ ထွက်ပြေးနေရ တာကြောင့် မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ မေလ ၆ ရက်နေ့ထိ ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ခုနစ်သိန်းခွဲနီးပါးအထိ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org