ခင်ဦးမှာ သူနာပြုဆရာမ ဇနီးမောင်နှံ သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ သူနာပြုဆရာမ ဇနီးမောင်နှံကို သြဂုတ်လ ၂၁ ရက် မနေ့ညက စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၀၂၁ ဧပြီလ ၁ ရက်နေ့က သာဝတ္ထိကျေးရွာအတွင်း ဆန္ဒပြခဲ့ကြစဉ် Photo: CJ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ သူနာပြုဆရာမ ဇနီးမောင်နှံကို သြဂုတ်လ ၂၁ ရက် မနေ့ညက စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးတွေရောင်းတဲ့ ကိုမောင်အေးနဲ့ သူနာပြုဆရာမ မနွဲ့နွဲ့တို့ ဇနီးမောင်နှံဟာ မနေ့ ကည ၈ နာရီလောက်က ဗအိုးရွာကနေ တစ်မိုင်လောက်ဝေးတဲ့ ကံသစ်ရွာကို ဆိုင်ကယ်နဲ့ ပြန်လာကြရာ ခင်ဦးမြို့အဝင် တံတားအနီးမှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဆွေမျိုးနီးစပ် တော်သူတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့ခင်းကတောင် ဆေးလာကုပေးသေးတယ်။ ကျနော်က ဖျားချင်သလိုဖြစ်နေလို့ ကျနော့်ကိုတောင် ဆေးပေးခဲ့သေးတယ်။ ညတုန်းက မပြန်ကြနဲ့ ဒီမှာအိပ်လို့ သူ့မိဘတွေကလည်း ပြောတယ်။ ည ၈ နာရီ လောက်ပဲရှိသေးတော့ သူတို့ကလည်း ပြန်သွားကြတာ”

သူတို့ဇနီးမောင်နှံတို့ဟာ အဲဒီရွာနှစ်ရွာကို ဆိုင်ကယ်နဲ့ နေ့စဉ်အသွားအပြန် အလုပ်လုပ်နေကြတာဖြစ်ပြီး အခုတစ်ခေါက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး ရုပ်အလောင်းတွေကို ခင်ဦးဆေးရုံကို သယ်သွားတယ်လို့ ဆိုပါတယ်။

သူတို့မှာ သုံးနှစ်အရွယ် သမီးတစ်ယောက် ကျန်ရစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက အဲဒီဇနီးမောင်နှံတို့ကို ဘာအကြောင်းပြချက်နဲ့ သေနတ်နဲ့ ပစ်သတ်ရတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကွန်ဆိပ်ကျေးရွာက ဦးသိန်းတင်ဟာ ည ၇ ရီလောက် ရွာပြင်ကပြန်လာစဉ် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ လည်း ရှိခဲ့ပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ရွေဘိုမြို့နယ် ကွန်ဆိပ်ရွာမှာ ကင်းလှည့်နေတဲ့ ကျေးရွာသား လေးယောက်ကို လည်း စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org