ခင်ဦးမြို့နယ် ကန်သာယာရွာကို စစ်ကောင်စီတပ်စီးနင်းမှု ဒေသခံ နှစ်ဦးသေဆုံး

ခင်ဦးမြို့နယ် ကန်သာယာရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကန်သာယာရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၀ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်သာယာရွာဘေးက လယ်တောမှာတဲထိုးပြီး တောင်သူလုပ်သူတွေဖြစ်တဲ့ အသက် ၃၂ အရွယ် ကိုဖိုးခိုင်နဲ့ ညီမဝမ်းကွဲဖြစ်သူ အသက် ၂၉ နှစ်အရွယ် မညိုတို့ နှစ်ဦးဟာ သူတို့ရဲ့တဲတွေအနီးမှာပဲ ဓားဒဏ်ရာတွေနဲ့ အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူ မညိုရဲ့ အသက်၃၀ အရွယ် ခင်ပွန်းဖြစ်သူ ကိုဖိုးနီကိုလည်း စစ်ကောင်စီ တပ်တွေက ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေတယ်လို့ ကန်သာယာရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"နှစ်ယောက်လုံးကို ဓားနဲ့ခုတ်ပိုင်းပြီး သတ်သွားတာ။ မညိုဆိုရင် နားရွက်က နားကပ်တောင် လှီးယူသွားတာ။ သူ့ ယောကျ်ားကိုတော့ ဘယ်ဖမ်းသွားလဲ မသိသေးဘူး။ အဲနေ့က သူများတွေ ရှောင်ကြပေမယ့် သူတို့ဘက် မလာလောက်ဘူးအထင်နဲ့ မရှောင်ကြတာကနေ ဖြစ်သွားတာပဲ"

စစ်ကြောင်းထိုးချိန်မှာ ရွာသားတွေတိမ်းရှောင်ကြပေမယ့် သူတို့သုံးဦးက တဲမှာပဲ နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အောက်တိုဘာလ ၁၀ ရက် နေ့လယ်ပိုင်းမှာ ကန်သာယာရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ကန်သာယာရွာဟာ ခင်ဦးမြို့နဲ့ နှစ်မိုင်လောက်သာဝေးပြီး အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေ မရှိတော့လို့ အရပ်သားတွေ ကိုယ့်အိမ်ကိုပြန်ပြီး နေထိုင်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သား ရှစ်သိန်းကျော် (၈၁၃၅၀၀) ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ကြောင့် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ ၄၁၄၅ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org