ခင်ဦးမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက်အစော ၃ နာရီလောက်ကစလို့ စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဝင်ရောက် လာပြီး ရွာတွေထဲကိုဝင်ရောက်ကာ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေ စုပေါင်းပြီး ၂၀၂၁၊ ဧပြီ ၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင်း ဆန္ဒပြခဲ့ကြစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက်အစော ၃ နာရီလောက်ကစလို့ စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဝင်ရောက်လာပြီး ရွာတွေထဲကိုဝင်ရောက်ကာ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်အစော ၃ နာရီခန့်ကစလို့ ခင်ဦး - ရေဦးကားလမ်းအကျော် မုံတော (မြောက်) ရွာအပါအဝင် အင်းပတ်ကွေ့၊ ရွာသစ်၊ မူးသာ၊ မုံတော (တောင်)၊ သဲကုန်းကြီး၊ ကျီးအိုင် အစရှိတဲ့ ရွာတွေကို အင်အား ၂၀၀ နီးပါးနဲ့ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ခင်ဦးမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ပြောကြပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ကျီးအိုင်ရွာ ဘုန်းကြီးကျောင်းထိပ်၊ နှောကုန်းလမ်းခွဲ၊ ဒါန်းကုန်းလမ်းခွဲ စတဲ့နေရာအပါအဝင် နေရာ ငါးနေရာလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားအချို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ပန်းရံရွာသား စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် ဦးထွန်းတင့်ကို ကျားရွာနဲ့ လိပ်ချင်းရွာအကြားမှာ သတ်လိုက်သလို မကျီးတုံရွာက ပျူစောထီးအဖွဲ့ဝင် သုံးဦးကိုလည်း ရွာထဲအထိ ဝင်ရောက်သတ်ပစ်ခဲ့တယ်လို့ ခင်ဦး တောကြီးမြွေဟောက်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khin U) ကလည်း နယ်မြေအသီးသီးမှာရှိတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပေးကြဖို့ တောင်းဆိုကြောင်းနဲ့ ပြည်သူများအနေနဲ့လည်း ခင်ဦး - ရေဦးလမ်းနဲ့ ရွှေဘိုညောင်ပင်သာ - ရေဦးလမ်းပိုင်းကို မသွားကြဖို့ ဒီကနေ့မှာပဲ မေတ္တာရပ်ခံထားပါတယ်။

အဲဒီအပြင် ခင်ဦးရဲစခန်းရဲ့ ဂိတ်ပေါက်နားအထိ သွားရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲ နှစ်ဦး သေဆုံးခဲ့တယ်လို့လည်း ခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org