တရုတ် မြန်မာနယ်စပ် အစိုးရ တပ်စခန်း KIA တိုက်ခိုက်
မနေ့ညဦးပိုင်းက တရုပ် မြန်မာနယ်စပ် အနီးရှိ နံဖတ်ကာမြို့ အခြေစိုက် မြန်မာ အစိုးရတပ် ခလရ (၁၂၃) ကို KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်တယ်လို့ သိရပါတယ်။
-
2011-09-25 -
-
-
KIO အဖွဲ့ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော KIA တပ်ဖွဲ့ဝင်များပုံ
Photo: kachinstate.com
ဒါနဲ့ ပတ်သက်ပြီး အသေးစိတ် အစီရင်ခံချက် မရသေးပေမဲ့ သူတို့တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာ သေချာကြောင်း KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါတယ်။
" ညဦးပိုင်းက (၁၂၃) တပ်ရင်းကို ကျနော်တို့ အဖွဲ့က ပြောက်ကျား ဝင်ပစ်တာပါ။ မူဆယ်နဲ့ ကွတ်ခိုင်ကြားက နံဖတ်ကာမြို့မှာပေါ့။ ဝိုင်းမော် မြစ်ကြီးနားမှာလည်း စစ်ကြောင်းတွေဝင်လာပြီလို့ ကြားရတယ်။"
ဒီအတောအတွင်း ကချင်ပြည်နယ်က သူတို့တပ်ဖွဲ့တွေကို အစိုးရတပ်တွေက ထိုးစစ်ဆင်နေ သလို နောက်ထပ် စစ်ကူတပ်ဖွဲ့တွေလည်း ရောက်ရှိနေကြောင်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါ တယ်။
ဒီလို အခြေအနေတွေကြောင့် သူတို့အနေနဲ့ အမှန်တကယ် နိုင်ငံရေး အဖြေရှာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆိုရင် လက်ခံမှာ ဖြစ်ပြီး၊ ဘာမှလုပ်ပိုင်ခွင့် မရှိတဲ့ ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်နဲ့တော့ ဆက်လက် ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။