တနိုင်းနဲ့ နမ္မတီးမှာ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ KIA တို့ မနေ့က နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို KIA တပ်ရင်း ၁၁ အခြေစိုက်ရာ နမ္မတီးမြို့နယ် ကဆုန့်ဒေသဘက်မှာလည်း မနေ့ ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
-
2018-04-21 -
-
-
ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ KIA တို့ မနေ့က နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို KIA တပ်ရင်း ၁၁ အခြေစိုက်ရာ နမ္မတီးမြို့နယ် ကဆုန့်ဒေသဘက်မှာလည်း မနေ့ ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
နမ္မတီးမြို့နယ် ကဆုန့်ဒေသဘက်က KIA စခန်းကို လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာတွေအပြင် မြေပြင်တိုက်ပွဲတွေပါ ဖြစ်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"မနေ့ကတော့ တပ်မဟာ ဒေသဖြစ်နေတဲ့ တနိုင်းပတ်ဝန်းကျင်ပေါ့၊ အောင်လော့ဒ် ကျေးရွာဘက်မှာလည်း တိုက်ပွဲငယ်လေးတွေတော့ဖြစ်ပါတယ်။ ညနေပိုင်းက ကဆုန့်ပေါ့လေ၊ နမ္မတီး ကဆုန့် ကေအိုင်အေ ၁၁ တပ်ရင်း နယ်မြေဘက်မှာ လက်နက်ကြီးနဲ့ ပစ်တာ၊ ဟယ်လီကော်မတာ ဂန်းရှစ်တွေနဲ့ ညနေဘက် ပြန်ပစ်တယ်၊ ညမိုးချုပ်တဲ့အချိန်မှာ မြေပြင်တိုက်ပွဲလည်းဖြစ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ ဒီနေ့ မနက်ပိုင်းအထိတော့ ဘာမှသတင်းတွေ မတက်လာသေးပါဘူး"
ဒါအပြင့် ဧပြီလ ၂ဝ ရက်နေ့ မနေ့ညနေပိုင်းက KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်ကို တပ်မတော်က လက်နက် ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး ထိခိုက်မူတော့ မရှိဘူးလို့ ဆိုပါတယ်။
တနိုင်းမြို့နယ် အောင်လော့ဒ်ရွားအနီးက KIA တပ်မဟာ ၂ စခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ တပ်မတော် ဘက်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ဆုတ်ခွာပေးလိုက်ရတယ်လို့ ဒုတိယဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပါတယ်။
ကချင်ပြည်နယ် တနိုင်းနဲ့ နမ္မတီးမြို့နယ်ဘက်က တိုက်ပွဲအခြေအနေတွေနဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်ရှိအချိန်အထိတော့ KIA ခေါင်းဆောင်တွေနဲ့ တပ်မတော်ဘက် တာဝန်ရှိသူတွေ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ထပ်မံတွေ့ဆုံဖို့မရှိသေးဘဲ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပိုမို ပြင်းထန်လာနိုင်တယ်လို့ ယူဆကြောင်း ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အလားတူ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ တောထဲကို ထွက်ပြေးသွားကြသူတွေ သူတို့နေရပ်ကို ပြန်လာနိုင်ပြီလို့ ကချင်ပြည်နယ် အစိုးရနဲ့ တပ်မတော်ဘက်က ကြေညာထားပေမယ့် ဧပြီလ ၂ဝ ရက်နေ့ မနေ့ကအထိ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေထပ်ဖြစ်နေတဲ့အတွက် ဒီနေ့အထိ ပြန်လာသူ မရှိသေးပါဘူး။
မြစ်ကြီးနားမြို့နဲ တနိုင်းမြို့က ကြက်ခြေနီအဖွဲ့တွေ မနေ့က အောင်လော့ဒ်ရွာကိုသွားရောက်ပြီး ရွာသူ ရွာသားတွေ နေရပ်ပြန်လာလို့ရပြီဖြစ်ကြောင်းနဲ့ အစားအသောက်အတွက် အစိုးရနဲ့ တပ်မတော်က ၆ လစာ ထောက်ပံ့ပေး မှာဖြစ်ကြောင်း ပြောဖို့သွားခဲ့ပေမယ့် လက်ရှိအချိန်အထိ ပြန်လာသူမရှိသေးဘူးလို့ တနိုင်းမြို့ကို ရောက်ရှိနေတဲ့ အောင်လော့ဒ်ရွာသူ ဒေါ်ဘောမ်မျှော်က ပြောပါတယ်။
အခုလို တိုက်ပွဲတွေမဖြစ်ခင် အောင့်လောဒ့်ရွာကနေ တနိုင်းမြို့ပေါ်ကိုရောက်ရှိနေတဲ့ ရွာသူ ရွာသားနှစ်ရာ နီးပါးလောက်ဟာ လက်ရှိ တနိုင်းမြို့မှာပဲ ခိုလှုံနေရသလို ပြီးခဲ့တဲ့လအတွင်းက တိုက်ပွဲတွေကြောင့် တနိုင်းမြို့ကို ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ရာခန့်ရှိတယ်လို့ ကချင်လူမူရေးအဖွဲ့တွေက ပြောပါတယ်။