KIO စခန်းတစ်ခု မြန်မာစစ်တပ် သိမ်းပိုက်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မန်တုံမြို့နယ် အကြားမှာ ရှိတဲ့ ကေအိုင်အို တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) ကို အစိုးရတပ်တွေက ဒီဇင်ဘာလ ၂၅ နေ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကေအိုင်အိုက ဆုတ်ပေးလိုက်ရတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
-
2011-12-31 -
-
-
“စစ်ရေး အခြေအနေအရ ခွာပေးလိုက်တာ ရှိတယ်။ အဲဒီမှာထိုးတာ အင်အား ၄ ရာနီးပါးလောက် ရှိတယ်။ နှစ်သုတ်ပေါ့ဗျာ။ ပထမအသုတ်က သူတို့ ၂ ရာလောက်နဲ့ ထိုးတယ်။ အထိအခိုက် အကျအဆုံးများတော့ နောက်ထပ် အင်အားသစ် ပြန်ဝင်လာတယ်။ ထိုးစစ်ပါပဲ ဒါတွေကတော့။ သုံးရက်လောက် ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်တာ။ ကျနော်တို့ အမြဲတမ်း ပြောဆိုနေတဲ့ အဆိပ်ဓာတ်ငွေ့ပါတဲ့ လက်နက်ကြီးတွေလည်း ပါတယ်။ နောက် သုံးဆင့်ခွဲလို့ ပြောတာပေါ့၊ ဝေဟင်မှာ ပေါက်ကွဲပြီးတော့ မြေပြင်မှာ ပြန်ပြီးပေါက်ကွဲတဲ့ ကလပ်စတာဗုံး ပုံစံမျိုး သုံးလာတယ်”
အစိုးရတပ်က တပ်ရင်း ၅ ရင်း၊ အင်အား ၄ဝဝ လောက်နဲ့ ၁၂ဝ မမ၊ ၈၁ မမ စတဲ့ အမြောက်တွေနဲ့ ပစ်ခတ်ရာမှာ ကေအိုင်အို ရဲဘော်တွေ မခံနိုင်တာကြောင့် ယာယီ ဆုတ်ပေးလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ကေအိုင်အို တပ်ရင်း (၈) ဒေသဟာ စစ်ရေးအရ အရေးမပါပေမယ့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်မဲ့နေရာ ဖြစ်တာကြောင့် အခုလို တိုက်ခိုက်တာ ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။
“ရေနံပိုက်လိုင်းက အဲဒီဒေသကို ဖြတ်သွားဖို့ ရှိတယ်။ တပ်ရင်း (၈) နေရာကို အဲဒီကိစ္စကြောင့် သူတို့ မရမနေ ထိုးတဲ့ပုံစံလို့ပဲ ထင်တယ်။ နောက်ပြီးတော့ တပ်ရင်း (၈) ဘက်မှာ ဇွန်လနောက်ပိုင်းမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာ သူတို့ အစိုးရတပ်ဘက်မှာ ရာနဲ့ချီပြီး ထိခိုက်ကျဆုံးတာ ရှိတယ်။ ဒါကြောင့် သူတို့က အဲဒီစခန်းကို မရမနေ ဆိုတဲ့ဟာမျိုး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကလဲ့စား ချေတဲ့ ပုံစံမျိုးလည်း ပါလိမ့်မယ်”
မနေ့က တစ်ရက်တည်းမှာတင် ကေအိုင်အို တပ်မဟာ (၃)၊ တပ်မဟာ (၄) နဲ့ တပ်မဟာ (၅) ဒေသတွေမှာ အားလုံး တိုက်ပွဲကြီး ၈ ကြိမ် ဖြစ်ခဲ့တယ်လို့လည်း ဦးလနန်းက ပြောပါတယ်။
မြန်မာအစိုးရက ကေအိုင်အိုနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ကေအိုင်အိုကလည်း အဲဒီအဖွဲ့နဲ့ ဆွေးနွေးနိုင်ဖို့ ဗဟိုကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းထားတဲ့အကြောင်း မကြာသေးခင်က အကြောင်းပြန်ကြားထားပေမယ့် အခုထိ တစုံတရာ ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။