ကေအိုင်အေ တပ်ဌာနချုပ်တစ်ခုနဲ့ တပ်စခန်းသုံးခု လေကြောင်းတိုက်ခိုက်ခံရ
ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ၇၅ နှစ်ပြည့် ကချင်ပြည်နယ်နေ့ မတိုင်ခင်ညမှာ ပြုလုပ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၀ ရက် ဒီကနေ့ဟာ ကချင်ပြည်နယ်နေ့ဖြစ်ပါတယ်။
-
RFA Burmese
2023-01-10 -
-
-
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တပ်ဌာနချုပ်တစ်ခုနဲ့ တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၉ ရက် မနေ့ညနေပိုင်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်က KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၃၁)၊ တပ်ရင်း (၂၆) တပ်စခန်းတွေနဲ့ တနိုင်းမြို့နယ် KIA တပ်မဟာ(၂) ဌာနချုပ်နဲ့ တပ်ရင်း (၁၄) တပ်စခန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေရာ လေးနေရာလောက်ကို လာကြဲသွားတာဟုတ်တယ်။ သေဆုံး အထိအခိုက်မရှိဘူး။ အဆောက်အအုံ နည်းနည်းပျက်စီးတာလောက်ပါပဲ”
ဒီအကြောင်းအသေးစိတ်သိရဖို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ၇၅ နှစ်ပြည့် ကချင်ပြည်နယ်နေ့ မတိုင်ခင်ညမှာ ပြုလုပ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၀ ရက် ဒီကနေ့ဟာ ကချင်ပြည်နယ်နေ့ဖြစ်ပါတယ်။
ကချင်ပြည်နယ်နေ့အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့တဲ့ သဝဏ်လွှာမှာတော့ လက်ရှိအကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကိုလျှော့ချရပ်တန့်ဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်က အခုလိုပြောပေမယ့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ညကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာမှာပြုလုပ်တဲ့ KIA ထူထောင်မှု ၆၂ နှစ်ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ KIA အဖွဲ့ဝင်တွေ၊ အနုပညာရှင်တွေနဲ့ ဒေသခံ စုစုပေါင်း ၁၀၀ ကျော် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကချင် အရပ်ဘက်အဖွဲ့အစည်း ကိုးဖွဲ့ပါဝင်တဲ့ Kachin National Forum ကတော့ စစ်ကောင်စီက ကျူးလွန်တဲ့ လူအခွင့်ရေးချိုးဖောက်မှုတွေကိုတာဝန်ယူဖို့ ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်ပြည့် ကချင်ပြည်နယ်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။