KIA ဌာနချုပ်အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံး

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ဝိုင်းမော်မြို့နယ်ကို အောက်တိုဘာ ၁၉ မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားပါတယ်။

ဝိုင်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီး ဗုံးကျရောက်ပေါက်ကွဲရာနေရာကို တွေ့ရစဉ်။ The Khachin Net

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ဝိုင်းမော်မြို့နယ်၊ လမိုင်ယန်ရွာကို အောက်တိုဘာ ၁၉ ဒီနေ့ မနက်အစောပိုင်း တစ်နာရီခန့်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းစာမျက်နှာ ဖြစ်တဲ့ The Kachin Net က ဖော်ပြပါတယ်။

သေဆုံးသူတွေဟာ ဦးအင်ဂျုံအောင်နဲ့ ဒေါ်ဖောင်ဂါန်လုရာတို့ ဇနီးမောင်နှံ နှစ်ဦး ဖြစ်ပြီး အိပ်နေချိန် နေအိမ်ပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်းက မီးကျည်ပစ်လွှတ်ကာ သတိပေးမှု ပြုလုပ်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒါဟာ ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က KIA ဌာနချုပ်ရှိရာကို လေကြောင်းတိုက်ခိုက်မှု လုပ်တာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိသေးပါဘူး။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ညမှာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org