KIA ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းပေါင်း နှစ်ရာကျော် တိုးချဲ့ဖွင့်လှစ်မည်

(KIO/KIA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း နှစ်ရာကျော် ထပ်မံတိုးချဲ့ဖွင့်လှစ်မယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

KIO ဌာနချုပ်လိုင်ဇာအနီးရှိ အလျဲန်ဘွမ် အထက်တန်းကျောင်းတွင် တက်ရောက်နေကြသည့် ကျောင်းသူကျောင်းသားများအား ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။

ကချင်လွတ်မြောက်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း နှစ်ရာကျော် ထပ်မံတိုးချဲ့ဖွင့်လှစ်မယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဇွန် ၅ ရက်နေ့မှာ ပြောပါတယ်။

အရင်ကတည်းကဖွင့်ထားတဲ့ ကျောင်းတွေနဲ့ပေါင်းရင်တော့ ဒီနှစ်ထဲမှာ စာသင်ကျောင်းပေါင်း ငါးရာနီးပါးအထိ ရှိလာမယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“အရင်ကတည်းက ကျွန်တော်တို့ KIO ထိန်းချုပ်တဲ့နေရာမှာ ဖွင့်ထားတဲ့ KIO ကျောင်းတွေရှိတယ်။ နောက် အခု ကျွန်တော်တို့ပြန်ပြီးမှ ထိန်းချုပ်နိုင်တဲ့ မြို့ရွာတွေထဲမှာလည်း ပြန်ဖွင့်နိုင်ဖို့ အစီအစဥ်တွေရှိပါတယ်။ ဆိုတော့ အားလုံးပေါင်းလိုက်ရင်တော့ ငါးရာနီးပါးရှိသွားတာ ဖြစ်ပါတယ်”

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်က လွယ်ဂျယ်မြို့မှာတော့ စာသင်ကျောင်းတွေ ဖွင့်နိုင်ဖို့ ရက်အနည်းငယ် ထပ်စောင့်ပေးဖို့ KIO တာဝန်ရှိသူတွေက ပြောဆိုထားတယ်လို့ လွယ်ဂျယ်မြို့ခံတစ်ဦးက ပြောပါတယ်။

စာသင်ကျောင်းတွေအပြင် အဆင့်မြင့် ပညာရေးကျောင်းတွေအနေနဲ့ ဆရာအတတ်သင်ကောလိပ်၊ ဖက်ဒရယ်ကောလိပ်လို့ခေါ်တဲ့ Federal Law Academy၊ Institute of Liberal Arts and Sciences (ILAS)နဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) တို့ကိုလည်း KIA က ဖွင့်လှစ်ထားပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် လွယ်ဂျယ်နဲ့ ဆွမ်ပရာဘွမ်မြို့တွေအပါအဝင် မြို့ပေါင်း ရှစ်မြို့နဲ့ စစ်ကောင်စီတပ်စခန်းပေါင်း တစ်ရာကျော်ကို KIA က သိမ်းယူထားတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ တအာင်းပညာရေးကောင်စီ (TLEC) ကလည်း ၂၀၂၄ ခုနှစ် ဒီနှစ်ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောင်းပေါင်း ငါးရာနီးပါး ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ TLEC က RFA ကို ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org