ကန်ပိုက်တီတိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ဒေသခံတွေ ထွက်ပြေးနေရ
ကချင်ပြည်နယ် ဆဒုံး-ကန်ပိုက်တီဒေသ တရုတ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် ၆ အနီးမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တပ်ရင်း ၃ တို့အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေလို့ အဲ့ဒီနားတဝိုက် မှာ နေထိုင်တဲ့ လီဆူရွာ သားတွေ တရုတ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
-
2016-08-19 -
-
-
ကချင်ပြည်နယ် ဆဒုံး-ကန်ပိုက်တီဒေသ တရုတ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် ၆ အနီးမှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ရင်း ၃ တို့အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေလို့ အဲ့ဒီနားတဝိုက်မှာ နေထိုင်တဲ့ လီဆူရွာသားတွေ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေသူတွေဟာ ထန်းမိုခမ်း၊ ကူခမ်း စတဲ့ ကျေးရွာတွေက ရွာသားတွေဖြစ်ပြီး အများစုက သက်ကြီးရွယ်အိုနဲ့ ကလေးတွေဖြစ်တယ်လို့ ဆဒုံးမြို့ခံ ဦးနော်ဂျာ က ပြောပြပါတယ်။
"တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်တာက ၃၊ ၄ ရက်လောက်ရှိပြီ၊ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်တာ၊ လွန်ခဲ့တဲ့ ၂၊ ၃ ရက်လောက်ကတော့ ဒီကနေ လက်နက်ကြီးသံတွေကြားနေရတယ်၊ နယ်စပ်မှတ်တိုင် ၆ နဲ့ နယ်စပ်မှတ်တိုင် ၅ ကြားမှာ KIA စခန်းပေါ့၊ အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ ရွာကလူတွေက တရုတ်ပြည်ဘက်ကို ရှောင်ပြေးကြတယ်လို့ သတင်းတွေရနေတယ်၊ စစ်ရေးအခြေအနေကို စိုးရိမ်ပြီးတော့မှ နယ်စပ်ကိုရှောင်ပြေးကြတယ်လို့ သတင်းရတယ်၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေဆိုရင် ကြိုတင်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ဆယ်ရက်လောက်ကတည်းက ရှောင် သွားကြပြီ"
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တရုတ်နယ်နိမိတ်ဘက်အခြမ်းမှာ တရုတ်စစ်တပ်ဘက်ကလည်း သူတို့ဘက်မှာ လုံခြုံရေး ရယူထားတယ်လို့လည်း ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဆဒုံး-ကန်ပိုက်တီ-လိုင်ဇာဒေသတွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာ မှန်ကန်ကြောင်း ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီက အတည်ပြုပြောပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဟူးကောင်းလွင်ပြင်ဒေသ မြစ်ကြီးနား-တနိုင်းလမ်းပေါ် နဲ့ မိုးကား-ဖားကန့် ကားလမ်းတွေဘက်မှာလည်း တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ရှိနေပါတယ်။