တစ်နိုင်ငံလုံးလွတ်မြောက်ရေး KIA နဲ့ ပူးပေါင်းသွားမယ်လို့ NUG ထုတ်ပြန်ကြေညာ

RFA Burmese
2024.08.10
တစ်နိုင်ငံလုံးလွတ်မြောက်ရေး KIA နဲ့ ပူးပေါင်းသွားမယ်လို့ NUG ထုတ်ပြန်ကြေညာ ၂ဝ၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့က NUG နှင့် KIA တို့ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီ ဘွမ်ရေဘွမ့်တပ်စခန်းတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ကြသည့် ကွယ်လွန်သူ KIA ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့အား တွေ့ရစဉ်။
NUG

ကချင်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံး အကြမ်းဖက်စစ်အုပ်စုလက်အောက်က အမြန်ဆုံး လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေပြည့်ဝတဲ့ နိုင်ငံသစ်တစ်ခုအမြန်ဆုံးတည်ဆောက်ရေးအတွက် မဟာမိတ် ကချင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၄၉) နှစ်မြောက် ကချင်အာဇာနည်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်း ပြောကြားလိုက်တာပါ။

အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးတို့အတွက် အသက်ပေးခဲ့ကြတဲ့ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ ကချင်လူထုအပါအဝင် KIO/KIA ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားဖွယ်အောက်မေ့ သတိတရဖြစ်ကြောင်း ပါရှိပါတယ်။

ကချင့်တော်လှန်ရေး ၄၉ နှစ်မြောက်ရှိလာခဲ့သည့်တိုင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကချင်လွတ်မြောက်ရေးတပ်၊ KIA ကို ညီညီညွတ်ညွတ်နဲ့ ဆက်လက်ချီတက်နိုင်ခဲ့ကြတာကိုလည်း လေးစားဂုဏ်ယူကြောင်းလည်း ဖော်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကချင်လွတ်မြောက်ရေးတပ် KIA စတင်တည်ထောင်ခဲ့တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇော်ဆိုင်း ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ကချင်အာဇာနည်နေ့ကို နှစ်စဉ်ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။