သုံးရက်အတွင်း စခန်းခြောက်ခု တိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေပြော
ကချင်ပြည်နယ်မှာ သုံးရက်အတွင်း စစ်တပ်စခန်းနဲ့ ရဲကင်းစခန်း ခြောက်ခုကို ကေအိုင်ကေနဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
- 2022-02-03
-
-
-
ကချင်ပြည်နယ် မိုးညှင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ပူတာအိုမြို့နယ်တွေမှာ သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်းနဲ့ လုံခြုံရေးရဲကင်းစခန်း ခြောက်ခုကို ကေအိုင်ကေနဲ့ PDF တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေအဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
ဒီထဲက မိုးညှင်းမြို့နယ် မော်ဟန်ရွာရဲစခန်း၊ ဖားကန့်မြို့နယ် ဂျာယာန်တပ်စခန်းနဲ့ မြစ်ကြီး နား-ဆွမ်ပရာဘွန် ကားလမ်းမှာရှိတဲ့ ဒရုခရွာတပ်စခန်းတွေကို ဒီနေ့မနက်က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
“ကျွန်တော်တို့ကလည်း အဲဒီရဲစခန်းသိမ်းတယ်ဆိုတဲ့ သတင်းလောက်က ကျွန်တော်တို့ ရပါတယ်။ မော်ဟန်ဘက်မှာ တိုက်ပွဲတွေရှိတယ်။ နောက်ဖားကန့်မြို့နယ်မှာတော့ ဂျာရာယာန်ဆိုတဲ့ရွာမှာ တိုက်ပွဲရှိတယ်။ ကျွန်တော်တို့ မြစ်ကြီးနား ဆွမ်ပရာဘွမ် ကား လမ်းဘက်မှာတော့ ဒရုခစခန်းပေါ့နော်၊ အဲမှာ တိုက်ပွဲဖြစ်တယ်ဆိုတာ အဲလောက်ပဲ ကြားပါတယ်။ ကျွန်တော်တို့ ပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့မဟုတ်ဘူး ဆိုတော့ စစ်ကောင်စီနဲ့တော့ အမြဲတမ်းရန်ဖြစ်နေတာ ရန်သူဖြစ်နေတာဆိုတော့ ရန်သူရဲ့တပ်စခန်းတွေကို အခြေအနေကောင်းရင်ကောင်းသလို တိုက်တဲ့ပုံစံမျိုးဖြစ် ပါတယ်။ နောက်သူတို့ စစ်ကောင်စီကနေ လှုပ်ရှားလာလို့ရှိရင်လည်း ကျွန်တော်တို့ ခုခံတိုက်ပွဲတွေဖြစ်တဲ့အနေနဲ့ ဖြစ်တဲ့အနေအထား ဖြစ်ပါတယ်”
အဲဒီစခန်းတွေထဲက အင်အား ၃၀ ခန့်ရှိတဲ့ မိုးညှင်းမြို့နယ် မော်ဟန်ရွာက ရဲစခန်းကိုတော့ ဒီနေ့မနက် ၄ နာရီလောက်က သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အလားတူ ဖားကန့်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ဂျာယာန်စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းမှာရှိတဲ့ ဒရုခရွာစစ်ကောင်စီတပ်စခန်းကိုလည်း ဒီနေ့မနက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
ဒီနေ့မနက် တိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိခိုက်မှု အခြေအနေအသေးစိတ်ကို သူ့အနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။
မိုးညှင်းမြို့နယ် မော်ဟန်ဒေသခံတစ်ဦးကတော့ မော်ဟန်ရဲစခန်းကို တိုက်ခိုက်ရာမှာ ရဲစခန်းမှူးနဲ့ အခြားရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ RFA ကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်ပြီး စစ်တပ်က ရောက်ရှိလာတဲ့အတွက် ဒေသခံ ၂၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။
“ဒီမနက် ၄ နာရီ ၁၅ ကနေဖြစ်တာ ၂ မိနစ် ၃ မိနစ်လောက်ဖြစ်တာ အဲမှာနားပြီးမှ ၄ နာရီ ၂၃ မှာ တစ်ခါပြန်ဖြစ်တယ်။ အဲဒါဖြစ်ပြီးတဲ့နောက် ၅ နာရီ ၅ မိနစ်မှာ တစ်ခါပြန် ဖြစ်တယ်။ လာတိုက်တယ် ဒီရဲစခန်းက အကုန်လုံး မီးရှို့ခံလိုက်ရတယ်တဲ့။ အခုလော လောဆယ် ကျွန်တော်တို့ မော်ဟန် ဒီစျေးကွက်သစ်ပေါ့နော် အကုန်လုံးမှာ ဒီစကစတွေ အကုန်အပြည့်ပဲ။ အခုဒီစျေးရှိတဲ့ ကွက်သစ်ဘက် အခုလောလောဆယ် စကစတွေ အဲမှာပြည့်နေတယ်ဆို တချို့တွေ တိမ်းရှောင်နေတယ်လို့ပြောတယ်။ ကျွန်တော်တို့ လည်း အခုကတော့ အဆင်သင့်ပြင်ထားတာပေါ့။ ဒီထက်မက တိုးလာမယ် တကယ်လို့ လေယာဉ်တွေဘာတွေ လာမယ်ဆိုရင်တော့ ကျွန်တော်တို့ တိမ်းရှောင်ဖို့က အဆင့်သင့် တိမ်းရှောင်ဖို့က အားလုံးတစ်ရွာလုံး အဲလိုဖြစ်နေတယ်”
မော်ဟန်ရွာမှာ အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၁၂၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းနဲ့ ထိစပ် နေတဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ ဂျာယာန်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ဖားကန့် ဗျူဟာကုန်းက ဒီနေ့မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဖားကန့်ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်ကိုင်ရိန် က ပြောပါတယ်။
“ဂွေခါဘက်မှာပေါ့ ဒီ ဂျာရာယာန်ရွာတို့ရှိတယ်။ အဲဒီဘက်မှာဖြစ်နေတာ အဲတော့ ဒီဗျုဟာကုန်းကနေပြီးမှပေါ့နော် လက်နက်ကြီးနဲ့ အဲဘက်ကို ထုထုပေးနေတယ်။ ကျွန်မတို့တောင် စိုးရိမ်နေတယ် အော်အဲလိုမျိုးဆိုတော့ ဒီစစ်ဖြစ်တဲ့နေရာမှာ မဟုတ် ဘဲနဲ့ ရပ်ကျေးရွာကျေးမှာတွေများ ရောက်လာမလားလို့ ပေါက်ကွဲတာတွေဖြစ်မလားပေါ့။ ပြည်သူတွေအတွက်တောင် ကျွန်မတို့က စိုးရိမ်နေတာ။ သူတို့ကတော့ အဲဘက်မှာ လက်နက်ကြီးတွေ ကျလာတဲ့အနေအထားမျိုးရှိတယ်။ ပစ်ကြခတ်ကြတဲ့ အနေအထား မျိုးရှိတော့ အကုန်လုံး ဒီယူမာဘက်မှာ ရယ်နမ့်မဖြစ်ဘက်မှာရယ်တော့ တချို့ ကချင် တွေကြတော့ အသင်းတော်ဘက်မှာ တချို့ကြတော့လေ သူ့နီးစပ်ရာ နီးစပ်ရာသွားနေ ကြပါတယ်ပေါ့။ အခုအဲလိုမျိုးတော့ကြားရပါတယ်”
ညနေပိုင်းမှာတော့ ဂျာယာန်ရွာဘက်မှာ အခြေအနေတွေ ပြန်လည်တည်ငြိမ်နေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ပူတာအိုမြို့နယ် ဆွမ်ပီယာန်တပ်စခန်းကို ကေအိုင်အေနဲ့ PDF တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သလို ဆွမ်ပီယာန်ရွာ အရှေ့ဘက်က ရှိန်ဂတ်ဘွမ်တပ်စခန်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဗျူဟာတပ် တို့ကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။
"ရန်သူဖြစ်နေတာဆိုတော့ ရန်သူရဲ့တပ်စခန်းတွေကို အခြေအနေကောင်းရင်ကောင်းသလို တိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်"
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်တွေလည်း သိမ်းယူခဲ့တယ်လို့ ရှေ့တန်းကေအိုင်အေ အရာရှိတစ်ဦးက ဆိုပါတယ်။
ဒီနေ့ညနေ ၄ နာရီခွဲအချိန်လောက်မှာတော့ ဆွမ်ပီယာန်ကျေးရွာဘက်ကို စစ်ကောင်စီ တပ်က ဂျက်လေယာဥ် နှစ်စီးနဲ့ လာပစ်ခဲ့ရာမှာ လက်နက်ကြီးကြောင့် ရွာထဲက အိမ်နှစ်လုံး မီးလောင်သွားပြီး အဖွားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံကျေးရွာသားတွေဟာ ဒီညနေပိုင်း ဘုရားကျောင်းမှာ ထွက်ပြေးခိုလှုံနေကြရတယ် လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကေအိုင်အေအဖွဲ့အနေနဲ့ အင်အားနည်းတဲ့ရဲစခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး ဒီအတွက်လိုအပ်တဲ့ လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ကေအိုင်အေကတော့ ယခင်တုန်းက ဒါကချင်နယ်မြေထဲမှာ သူအဖြစ်မခံပါဘူး။ ကချင်နယ်မြေထဲမှာ အဖြစ်မခံဘဲနဲ့ အဓိက ဒီစစ်ကိုင်းတိုင်း မြောက်ပိုင်းထဲကို လာပြီးတော့ ဆောင်ရွက်နေတာတို့ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အင် အားနည်းတဲ့ရဲစခန်းတွေပေါ့ အလစ်ငိုက်ဝင်ပြီးတိုက်တာတွေ အင်အားအလုံးအရင်းနဲ့ ဝင်ပြီးလုပ်တာတွေတော့ သူတို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆောင်ရွက်နေတာ မျိုးဖြစ်တယ် ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့လုံခြုံရေး ဆောင်ရွက်မှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေအရ တိုက်ပွဲတွေရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဖားကန့်မြို့နယ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက သုံးသပ် ပါတယ်။
“စစ်ရေးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဒီနှစ်ကတော့ ပိုပြီးတော့ အချိန်မြင့်လာ နိုင်တယ်ပေါ့နော်။ PDF တွေဘက်ကရော အခြားတော့ EAO တွေဘက်ကရောပေါ့လေ။ စစ်ရေးအရှိန်ကတော့ မြင့်နိုင်တာပဲ။ ဘာလို့လဲဆိုတော့ ဒီစစ်ပွဲကာလကြီး တော်လှန်ရေး ကာလကြီးက စစ်ဖြစ်နေတဲ့ကာလပေါ့လေ။ ဒါကြီးကတော့ အရမ်းကြာလို့ မဖြစ်တဲ့ အပေါ်မှာတော့ အခုအချိန်မှာ အမြစ်ဖြတ်နိုင်ဖို့ပေါ့နော်။ အားကုန်သုံးပြီးတော့ ရုန်းကြ ရမယ့်အချိန်တော့ ရောက်တယ်လို့ မြင်တယ်ပေါ့နော။ ဆိုတော့ တိုက်ပွဲတွေ စစ်ရေး အရှိန်တွေ ဆက်ပြီးမြင့်လာနှိင်တယ်လို့မြင်ပါတယ်”
ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ဟာ ကချင်ပြည်နယ်မှာသာမက စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတာဖြစ်ပါတယ်။
စစ်အဏာသိမ်းပြီး တစ်နှစ်တာအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၄၀၀ ကျော်ထိ ဖြစ်ပွားခဲ့တယ်လို့လည်း ကေအိုင်အေ က ထုတ်ပြန်ပြောဆိုထားပါတယ်။