တိုက်ပွဲဖြစ်နေတဲ့ KIA စခန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ တိုင်းမှူးထံ KIA စာပို့

ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ် စက်ရုံ အနီးမှာရှိတဲ့ KIA ကချင် လွတ်မြောက်ရေးတပ်စခန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ဆီကို KIA က စာတစောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။

တာပိန် ရေကာတာအနီး ဆန်ဂန်ဒေသမှာ ရှိတဲ့ KIA စခန်းတခုကို မြန်မာအစိုးရတပ်တွေက မနေ့က မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှာ လက်နက်ကြီးတွေနဲ့ စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်နေစဉ် KIO ဗဟို ကော်မတီ အစည်းအဝေး ထိုင်ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းဖို့ ဆုံးဖြတ်ချက် ချလိုက်တာလို့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

KIA က ပေးပို့တဲ့စာမှာ ဆန်ဂန်မှာ အခုလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်းမှူးရဲ့ သံတမန်နည်းအရ ဖြေရှင်းဖို့ ညှိနှိုင်းချက်အရ KIA က ဖမ်းဆီးထားတဲ့ ခမရ (၄၃၇) က ဗိုလ်ကြီးမြတ်ကိုကိုနဲ့ အရာရှိတဦးကို ပြန်လည် လွှဲပြောင်းအပ်နှံခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

တိုင်းမှူးက ဒီလို ပြန်လည်အပ်နှံပြီးရင် အပစ်အခတ်ရပ်ပြီး တပ်တွေ ပြန်ဆုတ်ခွာမယ်လို့ ကတိပေးတာကို လူကြီးစကား ဖြစ်တဲ့အလျှောက် ယုံကြည် လက်ခံခဲ့တယ်လို့လည်း RFA က လက်ခံရရှိတဲ့ စာမိတ္တူမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဇွန်လ ၁ဝ ရက်နေ့မှာ ဆက်လက် ပစ်ခတ်တဲ့အကြောင်း၊ ဒါ့အပြင် တပ်အင်အား တိုးချဲ့ချထားပြီး ထုံးဖိုစခန်းကနေ KIA တပ်တွေ ဆုတ်ခွာဖို့နဲ့ မဆုတ်ခွာရင် အင်အားသုံး ဖယ်ရှားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ အကြောင်းကြားချက်တွေ ရှိနေပါတယ်လို့ စာမှာ ပါရှိပါတယ်။

ဒါကြောင့် တိုင်းမှူးအနေနဲ့ အမှန်တကယ် အင်အားသုံး ဖြေရှင်းဖို့ ယတိပြတ် ဆုံးဖြတ်ချက် ရှိမရှိ သိလိုတဲ့အကြောင်း၊ KIA အနေနဲ့ လုံးဝ ဆုတ်ခွာပေးဖို့ မရှိကြောင်းနဲ့ တကယ်လို့ အင်အားသုံးမယ်ဆိုရင် တိုင်းမှူးရဲ့တာဝန်သာ ဖြစ်မယ့်အကြောင်းလည်း စာမှာ ဖော်ပြထားပါတယ်။

KIA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ နယ်စပ်ကို ရောက်နေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးကို ကိုဉာဏ်ဝင်းအောင်က တိုက်ရိုက် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org