ကွတ်ခိုင်က စစ်ကောင်စီ ခြေလျင်တပ်ရင်းကို KIA တိုက်ခိုက်သိမ်းယူ
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာက စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၂၃ ကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းယူခဲ့ပါတယ်။
-
RFA Burmese
2024-01-16 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာက စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၂၃ ကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က ဇန်နဝါရီလ ၁၅ ရက်မှာ သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ဖတ်ကာရွာက ခလရ (၁၂၃) တပ်ရင်းကို KIA က ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်းမှာတော့ သိမ်းယူလိုက်နိုင်တယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ မနက်ကတည်းက KIA သိမ်းလိုက်ပြီ။ စခန်းသိမ်းခံရပြီးကတည်းက လက်နက်ကြီးရော လေကြောင်းနဲ့ရော ပစ်နေလို့ နမ့်ဖက်ကာ ဒေသခံတွေလည်း ပြေးနေရတယ်။ ဒီစခန်းကို KIA တပ်ရင်း - ၄ နဲ့ ၁၀ က အဓိက တိုက်ခိုက်ခဲ့တာ ဟုတ်တယ်”
ဒီစခန်းကနေ လက်နက်ခဲယမ်းနဲ့ သေဆုံးနေတဲ့ စစ်ကောင်စီ တပ်သားတချို့ကို ရရှိထားတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
နမ့်ဖတ်ကာရွာက ခလရ- ၁၂၃ တပ်ရင်းမှာ အင်အား ငါးဆယ်ကျော်ရှိနေပြီး အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခလရ- ၁၂၃ ကိုသိမ်းယူတာနဲ့ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ သူ့ဆီ တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဇန်နဝါရီလ ၁၆ ရက်မှာ ပြောပါတယ်။
“Social Media တွေမှာ တက်နေတာ တွေ့ပါတယ်။ စခန်းကတော့ သိမ်းဆည်းလိုက်ပြီဆိုတာ ရှေ့တန်းကနေ အကြောင်းကြားစာ မပို့လာသေးဘူး။ သို့သော် စစ်ရေး အခြေအနေအရ မဖြစ်နိုင်တာ မရှိဘူးလို့ ပြောချင်ပါတယ်”
စခန်းသိမ်းတိုက်ပွဲကြောင့် ခလရ - ၁၂၃ မှာရှိတဲ့ ဒဏ်ရာရသူတွေ အပါအဝင် စစ်ကောင်စီ တပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင် စုစုပေါင်း လူတစ်ရာနီးပါး စခန်းကနေ ထွက်ပြေးပြီး သူတို့ကို ကယ်ဆယ်ဖို့ အထက်အရာရှိတွေထံ အကူအညီ တောင်းထားတယ်လို့ စစ်တပ် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြည်တွင်း မီဒီယာတချို့က ဖော်ပြပါတယ်။
စစ်ကောင်စီကတော့ နမ့်ဖတ်ကာ အခြေစိုက် ခလရ - ၁၂၃ ကို KIA က မသိမ်းနိုင်သေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဝဘ်ဆိုက် စာမျက်နှာကနေ ဇန်နဝါရီလ ၁၆ ရက် ဒီနေ့မှာ ချက်ချင်း တုံ့ပြန်ပါတယ်။ နမ့်ဖတ်ကာ စခန်းသိမ်း တိုက်ပွဲအကြောင်း ပြည်တွင်းသတင်းမီဒီယာတွေက ရေးသားချက်တွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခလရ - ၁၂၃ ကို KIA နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက သာလွန်အင်အားနဲ့ ဒရုန်းတွေသုံးပြီး အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့ပေမယ့် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ပစ်ကူကြောင့် လာတိုက်သူတွေသာ အထိနာနေတယ်လို့ စစ်ကောင်စီက ဖော်ပါတယ်။
ဒီကိစ္စအသေးစိတ် ထပ်မံသိရှိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့မွန်းလွဲပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။