ဗန်းမော်က ကာကင်းစခန်းတချို့ KIA သိမ်းထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အပြင်ဘက်က စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတချို့ကို KIA ဒီရက်ပိုင်းမှာ သိမ်းယူထားပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေသလို တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဗန်းမော်ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က စင့်ကင်ကျေးရွာတွင် တွေ့ရစဉ်။ STR / AFP

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အပြင်ဘက်က စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဒီရက်ပိုင်းမှာ သိမ်းယူထားပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေသလို တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့ သုံးမိုင်နေရာမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ပေါ်ကတော့ နည်းနည်းငြိမ်နေတယ်။ အခုမနက်က သုံးမိုင်ဘက်တော့ ဖြစ်နေတယ်။ ၄၇ ဘက်လည်း ဖြစ်လိုက်နားလိုက်ပဲ။ လေယာဉ်လာတာ ဒီနေ့ မနက်ပဲ နှစ်ခေါက်ရှိပြီ။ သုံးမိုင်ဘက် လာသွားတာ။ မြို့ထဲတော့မလာသေးဘူး"

နောက်ထပ် ဗန်းမော်ဒေသခံတစ်ဦးကလည်း ဒီရက်ပိုင်းမှာ ဗန်းမော်နည်းပညာတက္ကသိုလ်အနီးက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတချို့ကို KIA က သိမ်းပိုက်ထားနိုင်တယ်လို့ ပြောပါတယ်။

"သေနတ်တွေ သိမ်းမိတာက နည်းပညာတက္ကသိုလ်ဘက်က ဟုတ်တယ်။ အဲဒီဘက် ကာကင်းတွေ သိမ်းတာရှိတယ်။ မြို့ပေါ်မှာတော့ စစ်ကောင်စီကလည်း နေရာယူထားတာရှိတယ်။ KIO တွေလည်း နေရာယူထားတယ်။ စကစ (၂၁) ဘက်မှာလည်း ဝိုင်းထားသလိုတော့ ဖြစ်နေတယ်။ တိုက်ပွဲတွေ ပြန်ပြင်းထန် လာတာက တစ်ပတ်လောက်ရှိပြီ"

မြို့ထဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဒရုန်းအသုံးပြုပြီး အဆက်မပြတ် တိုက်ခိုက်နေတဲ့အတွက် KIA ဘက်က ရှေ့ဆက်တိုးဖို့ ခက်ခဲနေတဲ့ အခြေအနေလို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

KIA ဟာ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေနဲ့ မြေရှားသတ္တု အများဆုံးထွက်ရှိရာ ချီဖွေမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက စစ်ရေးအရ အရေးပါတဲ့ ဗန်းမော်မြို့ကိုလည်း ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org