တနိုင်းက ပယင်းတောင်တပ်စခန်းကို KIA သိမ်းယူ

တနိုင်းမြို့နယ်ထဲက ပယင်းတောင် (နွယ်ဂျဲဘွမ်) စစ်တပ်ရှေ့တန်းစခန်းကို KIA က ဧပြီ ၁၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ Twitter/ FreeKachin

ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ပယင်းတောင် (နွယ်ဂျဲဘွမ်) စစ်တပ်ရှေ့တန်းစခန်းကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က ဧပြီလ ၁၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစခန်းဟာ စစ်ကောင်စီတပ် ခလရ-၂၉၇ ရဲ့ အင်အား သုံးဆယ်ခန့်နဲ့ အထိုင်ချတဲ့တပ်စခန်းဖြစ်ပြီး တနိုင်းမြို့နယ်ထဲက ယပင်းမှော် (ပယင်းထုတ်လုပ်ရေးလုပ်ငန်းခွင်) ကို ထိန်းချုပ်ထားတဲ့ ရှေ့တန်းစခန်းတစ်ခုလို့ ဒေသခံတွေက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ လုပ်နေတဲ့ကြားက KIA ဘက်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စခန်းကိုတော့ မနေ့က သိမ်းလိုက်ပြီ။ လက်နက်တွေလည်း သိမ်းရတယ်လို့ပြောတယ်။ ၂၀၁၇ က တိုက်ပွဲဖြစ်ပြီး စကစတွေ ထိုင်လိုက်တဲ့ စခန်းဟုတ်တယ် အရင်ကတော့ KIA စခန်းပေါ့။ မနေ့က စခန်းသိမ်းပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ လာပစ်တာလည်းရှိတယ် မနေ့က”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

KIA ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ EEDY SHIGA ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ပယင်းတောင်စခန်းကို သိမ်းပိုက်လိုက်ကြောင်းနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မတ်လ ၇ ရက်နေ့က စတင်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်း ခြောက်ဆယ် ကျော်ကို သိမ်းယူထားနိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org