ကန့်ဘလူမှာ အရပ်သား သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တည်ပင်ရွာနဲ့ ရှမ်းကုန်းရွာကို ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် အရပ်သား သုံးဦး ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်မီးရှို့ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-01-12 -
-
-
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တည်ပင်ရွာနဲ့ ရှမ်းကုန်းရွာကို ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် အရပ်သား သုံးဦး ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်မီးရှို့ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့က အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ် ခမရ-၃၆၈ တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက တည်ပင်ရွာနဲ့ ရှမ်းကုန်းရွာ အနီးတစ်ဝိုက်ကို စစ်ကြောင်း ထိုးချိန် အဲဒီအရပ်သားသုံးဦး ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရှမ်းကုန်းရွာက ဦးလေးတစ်ယောက်ရယ်၊ တည်ပင်က ရွာသား ညီကိုနှစ်ယောက်ရယ်။ သူတို့က စစ်ဘေးရှောင်နေတာပေါ့။ အဲဒါလမ်းမှာတွေ့တော့ ဓားစာခံအဖြစ် ဖမ်းခေါ်သွားတာ။ ချပ်ကြီးရွာထဲကို မဝင်ခင် လမ်းမှာ မီးရှို့ပြီးသတ်ထားခဲ့တာ"
စစ်ကြောင်းပြန်ထွက်သွားချိန် တည်ပင်ရွာရဲ့ အရှေ့မြောက်ဘက် တောအုပ်တစ်နေရာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း သုံးလောင်းကို တွေ့ခဲ့ရတာလို့ သူကဆိုပါတယ်။
သတ်ဖြတ်ခံရသူတွေက ရှမ်းကုန်းရွာသား အသက် ၄၀ အရွယ် ဦးခင်မောင်ထွန်းနဲ့ တည်ပင်ရွာက ညီအစ်အကိုအရင်းတွေဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုကျော်စိုးမိုးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုဆန်းမြင့်အောင် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဟာ တည်ပင်နဲ့ ရှမ်းကုန်းရွာကနေ ထွက်ပြေးတိမ်းရှောင်ဒေသခံတွေရဲ့ တောတွင်းက တဲအိမ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီတစ်ခေါက်က ရွာတွေကို မီးမရှို့ဘူး။ စစ်ကြောင်းဝင်ရင် ရွာတွေကို မီးရှို့နေကျ ဆိုတော့ အိမ်တွေက အဖိုးတန်အသုံးအဆောင်တွေ၊ စာနပ်ရိက္ခာတွေကိုပါ တောထဲသယ်ထားတာ။ အဲဒါကို တောတိုက်တွေထဲထိ လာရှို့သွားတယ်"
ဒေသခံတွေ စုဆောင်းထားတဲ့ စပါးအတင်းရေ တစ်ထောင်ခန့်၊ ဆန်အတင်းရေ ၁၅၀ နီးပါးနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
လက်ရှိမှာတော့ စစ်ကြောင်းဟာ ချပ်ကြီးရွာထဲမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ကြောင်းဟာ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ထဲကိုကူးလာတဲ့ စစ်ကြောင်း ဖြစ်ပြီး ကျွန်းလှမြို့နယ်ထဲမှာ ဇန်နဝါရီ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ သုံးရက်တာ စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်းလှမြို့နယ်ကို စစ်ကြောင်းထိုးစဉ်မှာတော့ ကြာတကံရွာက အသက် ၅၈ နှစ်အရွယ် ဦးထွန်းလှနဲ့ အသက် ၃၀ အရွယ် ကိုညီညီအောင်တို့ ဖမ်ဆီးသတ်ဖြတ်ခံရပြီး ထန်းပင်ကုန်း ရွာက နေအိမ် ၅၆ လုံး မီးရှို့ဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဋိပက္ခအတွင်း မီးလောင်မှုဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။