ကန့်ဘလူ ကိုင်းရိုးရွာ ဒေသခံနှစ်ဦး သတ်ဖြတ် မီးရှို့ခံရ

ကန့်ဘလူ၊ ကိုင်းရိုးရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးရွာသားနှစ်ဦး၏အလောင်းများအား မီးရှို့ထားခဲ့သည့် လက်ထွန်စက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကိုင်းရိုးရွာက ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်သား တွေက ဖေဖော်ဝါရီလ ၁၇ ရက်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၁၀၀ နီးပါးက ကိုင်းရိုးရွာကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ ဝင်ရောက် ခဲ့ပြီး အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထွန်စက်ကားပေါ်မီးတင်ရှို့ သွားတာ။ အလောင်းကို အဲဒီအပေါ်မှာ မီးရှို့ထားခဲ့တာ တွေ့ခဲ့ရတယ်ပေါ့နော်။ သူတို့ စစ်ကြောင်းကျော်သွားပြီး မနေ့က ညနေမှာတွေ့တာ"

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်သေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကိုင်းရိုးရွာက အရပ်သား တစ်ထောင်ကျော်ဟာ ဘေးလွတ်ရာထွက်ပြေး နေရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိမှာ ကိုင်းရိုးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်း နဲ့ မန္တလေး- မြစ်ကြီးနား ရထားသံလမ်းကြား ရွာနှစ်ဆယ်နီးပါးကို နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဆိုပါတယ်။

ကိုင်းရိုးရွာဒေသခံနှစ်ဦး သတ်ဖြတ်မီးရှို့ခံရတာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အထိ နိုင်ငံတစ်ဝန်း သတ်ဖြတ်ခံရသူ ၃၀၀၀ ဦးရှိလာပြီလို့ ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org