ကသာမြို့နယ်မှာ အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နှစ်ဦးပျောက်ဆုံးနေ

ကသာမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နောက်ထပ် အရပ်သားနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်အတွင်းမှ စစ်သင်္ဘောများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖ - video screenshot

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စက်တင်ဘာလ ၁၄ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန် အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံရတဲ့ နောက်ထပ် အရပ်သားနှစ်ဦးလည်း ပြန်ရှာမတွေ့ဘဲ ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ရွာထဲဝင်လာချိန် အရပ်သား ၃၀ ဦးခန့် ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူတွေ ထဲက အသက် ၂၆ နှစ်အရွယ် ကိုထွန်းနိုင်ကတော့ စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွား ခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်သုံးနာရီနဲ့ လေးနာရီကြား ရွာထဲကိုဝင်တာ။ အဲဒီအချိန် မိုးရွာနေတော့ သူတို့ဝင်လာမှန်းမသိဘူး။ အဖမ်းခံရတာ သုံးဆယ်ကျော်တယ်။ သူ့ကိုကျတော့ ပြန်လွှတ်မပေးဘဲ စစ်ကြောင်းနောက်ကိုဖမ်းခေါ်သွားပြီးတော့ ပျဉ်လေးပင်ရွာအနီးမှာ အသတ်ခံရတာ။ မျက်နှာမှာ ဖူးယောင်ဒဏ်ရာတွေနဲ့ ချိုင်းအောက်မှာ ထိုးသွင်းဒဏ်ရာ တစ်ချက် တွေ့ရတယ်။ အဲဒီဒဏ်ရာက တော်တော်ကြီးတယ်။ မနေ့ကပဲ သင်္ဂြိုဟ် ပေးလိုက်ပါပြီ"

ရွာထဲဝင်ရောက်ချိန် ဖမ်းဆီးခံရတဲ့ အရပ်သား သုံးဆယ်ဦးခန့်ကိုတော့ စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ လွှတ်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ကသာမြို့နယ် ပျဉ်ထောင်လေးရွာအနီးမှာ အရပ်သားနှစ်ဦး ဖမ်းဆီးခံရပြီး၊ အဲဒီနှစ်ဦးကိုလည်း ဒီနေ့အထိ ပြန်ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကတော့ ထီးချိုင့်မြို့နယ် ဝဲကြီးရွာမှာ နေထိုင်သူတွေဖြစ်ကြပြီး ပျဉ်ထောင်လေးရွာဘက်ကို ဆိုင်ကယ်နဲ့ လာရောက်စဉ် ဖမ်းဆီးခံခဲ့ရတာပါ။

စက်တင်ဘာလ ၆ ရက်နေ့ကတော့ စစ်ကောင်စီတပ်က ပျဉ်ထောင်လေးရွာကို စီးနင်းပြီးနောက် ကျေးလက်ဆေးပေးခန်း အပါအဝင် နေအိမ် ၂၀ လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှစ်ခုဟာ ကသာမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက် မနက်ပိုင်းမှာတော့ အင်းရွာတိုက်နယ်ထဲကနေ စစ်ကြောင်းရွှေ့ဖို့ လုပ်နေတယ်လို့ ကသာမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၄,၀၇၈ ဦး အထိရှိလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org