PNLA စစ်ဦးစီးချုပ်ဇာတိရွာ မီးရှို့ခံရပြီး လူသုံးဦး သတ်ဖြတ်ခံရ
ဆီဆိုင်မြို့နယ် နားခိုက်ရွာကို ဇူလိုင်လ ၆ ရက်နေ့မှာ PNO တပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နေအိမ်တချို့ကို မီးရှို့ခဲ့သလို ရွာခံသုံးဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-07-08 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ရွာကို ဇူလိုင်လ ၆ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နေအိမ်တချို့ကို မီးရှို့ခဲ့သလို ရွာခံသုံးဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PNO တပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ မိသားစုပိုင် နေအိမ်အပါအဝင် နေအိမ်ရှစ်လုံးကို မီးရှို့ခဲ့ပြီးနောက် ဒေသခံသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ရွာအနီးတိုက်ပွဲမရှိဘဲ အင်အားတစ်ရာခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ်တွေဖြစ်တဲ့ ခွန်တမျို့၊ ခွန်ခင်နဲ့ နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကိုဝင်တယ်။ မြင်တဲ့လူကို ဖမ်းတယ်၊ ဆီးတယ်။ လူမြင်ကွင်းမှာ ရိုက်သတ်တယ်။ ဘာကြောင့်လဲလို့ မေးချင်တယ်။ ကျွန်တော်တို့ အရပ်သားတွေဘာမှား နေလို့လဲ။ လက်နက်ကိုင် အချင်းချင်း ဖြစ်တဲ့ပွဲမှာ ကျွန်တော်တို့က မြေစာပင်ပဲ”
နားခိုက်ရွာဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) စစ်ဦးစီးချုပ်ရဲ့ ဇာတိရွာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလကလည်း အဲဒီရွာကို PNO အဖွဲ့က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ကြောင်း PNLA က ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ပအိုဝ်းပြည်သူ့စစ် (PNO)နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေစတဲ့ ဒေသတွေက တိုက်ပွဲတွေအတွင်း ဇန်နဝါရီလကနေ ဇွန်လ ၂၂ ရက်နေ့အထိ အရပ်သား ၈၄ ဦး သေဆုံးပြီး ၁၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။