ငါန်းဇွန်မှာ ရာအိမ်မှူးနှစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုဆောင်းလို့ဆိုပြီး ဧပြီလ ၁၂ ရက်နဲ့ ၁၄ ရက်နေ့တွေက ရာအိမ်မှူးနှစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့အဝင်တစ်နေရာကို တွေ့ရစဉ်။ Citizen Journalist

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုဆောင်းလို့ဆိုပြီး ဧပြီလ ၁၂ ရက်နဲ့ ၁၄ ရက်နေ့တွေက ရာအိမ်မှူးနှစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ရာအိမ်မှူးနှစ်ဦးဟာ ငါန်းမြာကြီးရွာ၊ သိန်တော်ရပ်ကွက်က အသက် ၄၀ ဝန်းကျင်အရွယ် ဦးမြင့်ငွေနဲ့ ဘုရားထူးရွာက အသက် ၅၀ ဝန်းကျင် ဦးသန်းဝင်း ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးစလုံးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုဆောင်းနေတာကြောင့် ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"နှစ်ယောက်လုံးကတော့ စစ်မှုထမ်းကိစ္စမှာ စစ်တပ်အလိုကျ လူသစ်စုဆောင်းတာတွေလုပ်လို့ သတ်ဖြတ်ခံရတာပါ။ ဖြစ်စဉ်တွေကို သက်ဆိုင်ရာအဖွဲ့တွေက အခုထိ မထုတ်ပြန်သေးတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး"

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ပိုင်း နိုင်ငံတစ်ဝန်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ စာရေးတွေ အသတ်ခံရတာတွေ ခပ်စိပ်စိပ် ရှိလာနေတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org