ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ သားဖြစ်သူ တောင်းဆို

မိခင်နဲ့ဆက်သွယ်ခွင့်ပေးဖို့ စစ်ကောင်စီထံကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က တုံ့ပြန်တာမရှိဘူးလို့ ကိုထိန်လင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်တွင် မြင်တွေ့ရစဉ်။ AFP

ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တောင်းဆိုလိုက်ပါတယ်။

အရင်စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တစ်ခါတစ်ရံဆက်သွယ်ခွင့်ပေးခဲ့ပေမဲ့ အခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရချိန်မှာတော့ မိခင်ဖြစ်သူကို ဘယ်နေရာမှာ ဖမ်းထားလဲတောင် သိခွင့်မရဘူးလို့ ကင်မ်က ပြောပါတယ်။

မိခင်နဲ့ဆက်သွယ်ခွင့်ပေးဖို့ စစ်ကောင်စီထံကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က ဘာမှ တုံ့ပြန်တာမရှိဘူးလို့ ပြီးခဲ့တဲ့ စနေနေ့ မေလ ၆ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပြောခဲ့ပါတယ်။ 

သူကြားသိရတဲ့ သတင်းတွေအရ မိခင်ဖြစ်သူကို တခြားသူတွေနဲ့ အတူမထားဘဲ တစ်ယောက်တည်းဖမ်းထားတာကြောင့် ဒါဟာ တိုက်ပိတ်အကျဉ်းချတဲ့ လုပ်ရပ်ဖြစ်ပြီး ကျန်းမာရေးအခြေအနေကို စိုးရိမ်တယ်လို့လည်း ကင်မ်က ပြောပါတယ်။

ပြည်သူလူထုရွေးကောက်ခံအစိုးရဆီကို အာဏာပြန်လွှဲပေးဖို့လည်း ကင်မ်အဲရစ်ကတောင်းဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org