အစိုးရတပ်က KIO ဌာနချုပ်ဖက်ကို လက်နက်ကြီးနဲ့ပစ်
KIO ကချင်လွတ်လပ်ရေး အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ၁၀ မိုင်အကွာက နေရာကို မြန်မာ အစိုးရတပ်တွေက မနေ့ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်းက RFA ကိုပြောပါတယ်။
-
2011-07-22 -
-
-
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့ပုံ
Photo: Kachin News Group
"မနေ့က ၂ နာရီခွဲက နေပြီးတော့ ည ၁၀ နာရီ လောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ခလရ ၁၄၁ ဖြစ်လိမ့်မယ်။ အားလုံးက အလုံး ၂၀ ကျော်လောက် ဖြစ်မယ်။ ကျနော်တို့ရဲ့ တပ်ရင်း ၂၄ ရှိတယ်။ အဲဒီဖက်ကို ချိန်ရွယ်ပြီး ပစ်တယ် ထင်တာဘဲ။ အတိုင်းသား ကြားနေရတယ်။"
မြန်မာ အစိုးရတပ်တွေ စခန်းချထားတဲ့ အနီးတဝိုက်က တံတားကို KIA တပ်တွေက ဗုံးခွဲ ဖျက်ဆီးရာက အခုလို လက်နက်ကြီးတွေနဲ့ ပစ်တာ ဖြစ်နိုင်ကြောင်း KIA အရာရှိ တချို့က သုံးသပ်ပါတယ်။
ဒီအတောအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခလရ (၂၁) တပ်ဝင်း အတွင်း မနေ့က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အခုလို တပ်တွင်း ဗုံးကွဲတာဟာ ဘယ်သူ့လက်ချက် ဆိုတာကိုတော့ အစိုးရဖက်က ထုတ်မပြောသေးပေမဲ့ စစ်ရေး လေ့လာသူတွေ ကတော့ KIA ရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း ပြောဆိုကြပါတယ်။