နယ်ခြားစောင့်တပ်ဖွဲ့ လက်ခံတဲ့ ကချင်ခေါင်းဆောင်တချို့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ KIO ကို စာပို့

ကချင်အမျိုးသား အချင်းချင်း သတ်ဖြတ်ပြီး သမိုင်းမှာ အကျည်းတန်တဲ့ ကိစ္စတွေ ကျန်ရစ်မှာကို မလိုလားကြောင်း နယ်ခြားစောင့် တပ်ဖွဲ့၊ ပြည်သူ့စစ်အဖြစ် လက်ခံလိုက်တဲ့ ကချင်အဖွဲ့ ခေါင်းဆောင် ၉ ဦး က KIO ဗဟိုကော်မတီကို အောက်တိုဘာလ ၂၈ရက် ရက်စွဲနဲ့ စာတစ်စောင် ပို့လိုက်ပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ Photo: Kachin News Group

ဒီစာကို ဦးစခုန်တိန်ယိန်း၊ ဦးရခွီဖုန်၊ ဦးလဆန်အောင်ဝါ၊ ဦးတီခွန်မြတ်စတဲ့ KIO က ခွဲထွက် ခေါင်းဆောင်တွေ အပါအဝင် ၉ ဦးက လက်မှတ်ရေးထိုး ပေးပို့လိုက်တာပါ။ အပစ်အခတ် ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးလုပ်ဖို့ စာထဲမှာ မေတ္တာရပ်ခံ တင်ပြထားပါတယ်။

ဒီစာနဲ့ ပတ်သက်ပြီး KIO အဖွဲ့ကို မေးမြန်းတဲ့အခါမှာ အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလနန်းက ခုလိုပြောပါတယ်။

“သတင်းတော့ရတယ်။ အဲဒီစာကို တရားဝင် လက်ခံ မရသေးပါဘူး”

စာကို တရားဝင် လက်ခံမရရှိ သေးတာကြောင့် တရားဝင် ဘာမှ မပြောလိုကြောင်း RFAကို ပြောပါတယ်။ လိုင်ဇာမြို့က KIO အရာရှိတွေရဲ့ အဆိုအရ ဒီစာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ က ကချင်ဘာသာနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့စစ်များနဲ့ ပတ်သက်တဲ့ KIO ရဲ့ ထုတ်ပြန်စာကြောင့် တုံ့ပြန်ရေးသားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

KIO ရဲ့ ၂၀ ရက်က ထုတ်တဲ့စာမှာ KIO နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ပြည်သူ့စစ်များဟာ အစိုးရတပ်တွေကို အကူအညီပေးပြီး ပါဝင်နေတာကို သတိပေး ရေးသား ထားပါတယ်။

ကချင်ခေါင်းဆောင် ၉ ဦး ရေးသားတယ် ဆိုတဲ့ စာနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုး ထားတဲ့ ခေါင်းဆောင်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ အဆက်အသွယ် မရပါဘူး။

ဒါ့ပြင် ကချင်သတင်းရပ်ကွက် အဆိုအရ ဒီစာဟာ အာဏာပိုင်တွေ အသင့်ရေးထားပြီးစာကို ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ထားတာလို့ လက်မှတ်ရေးထိုးထားတဲ့ ခေါင်းဆောင်တချို့ကို ကိုးကား ပြောဆိုနေတာလည်း ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org