စစ်အာဏာရှင်စနစ် ပပျောက်ဖို့ တော်လှန်မယ်လို့ KIO ဥက္ကဋ္ဌဆို

စစ်အဏာရှင်စနစ် ပပျောက်သွားအောင် စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းတိုက်ခိုက်မယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားပါတယ်။

၆၁ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းပြောကြားနေတဲ့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက်နေ့က တွေ့ရစဉ် Photo: Laiza TV

စစ်အာဏာရှင်စနစ် ပပျောက်သွားအောင် အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းတိုက်ခိုက်မယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက် ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၆၁ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။

အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်ချေမှုန်းနေတဲ့ အဖွဲ့အစည်းတွေအားလုံး NUG အစိုးရကို ဝန်းရံဖို့လိုအပ်ပြီး တပ်မတော်ထဲက အရာရှိတွေ၊ တပ်သားတွေလည်း အခုအချိန်မှာ ပြည်သူတွေနဲ့ အတူပူးပေါင်းဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပြီး စစ်ဘေးဒုက္ခသည်တွေလည်း တိုးလာမယ်လည်း ဆိုထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ရဲ့ ပေးကမ်းမှုကနေရနေတဲ့ အခွင့်အရေးတွေဟာ ရေရှည် မခံကြောင်း၊ နောင်တရတဲ့အချိန်မှာ အချိန်နှောင်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲမှုကို တရားဝင် ၃ ကြိမ် ၄ ကြိမ် အထိလုပ်ကာ ဆွေးနွေးခဲ့ပေမယ့် စစ်တပ်ဘက်က လက်နက်ချဖို့သာပြောပြီး နိုင်ငံရေးဆွေးနွေးခွင့် မရခဲ့ဘူးလို့လည်း ဆိုထားပါတယ်။

KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်နက်ကိုင် တပ် KIA (Kachin Independence Army) ကို ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်မှာ ရှမ်းပြည်နယ် လားရှိုးမြို့မှာ လုပ်တဲ့ KIC (ကေအိုင်စီ) အစည်းအဝေးမှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

KIA ကို ဖွဲ့စည်းလိုက်တဲ့ ဖေဖေါ်ဝါရီ ၅ ရက်ကိုလည်း ကချင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် ဒီနေ့ကျရောက်တိုင်း ကချင်တော်လှန်ရေးနေ့အဖြစ် အခမ်း အနားတွေ ကျင်းပခဲ့ကြတာ ၆၁ နှစ်တိုင်နေပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org