KIO နဲ့ အစိုးရ ဆွေးနွေးပွဲ တိုးတက်မှု မရှိ

KIO နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အစိုးရက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေအခံ ဥပဒေအပေါ်မှာ အခြေခံပြီး ပြောဆိုနေတာကြောင့် ဆွေးနွေးပွဲ တိုးတက်မှု မရှိ ဖြစ်နေရတယ်လို့ KIO ကပြောဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG KNG

မနေ့က ဒုတိယ အကြိမ်မြောက် အပစ်ရပ်စဲရေး ကိစ္စကို ဆွေးနွေးပေမယ့် ရလဒ် တစုံတရာ ထွက်ပေါ် လာခြင်း မရှိတာကြောင့် ဒီကနေ့ ဆွေးနွေးတာတွေကို ဆက်ပြီး လုပ်ဆောင် နေတယ်လို့ KIO ပြောခွင့်ရ ဦးလာနန်းက ပြောပါတယ်။

“သူတို့ ပြောတဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံက ရှိပြီးသားပဲ၊ လူထုတွေက ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော် ဆိုတာလည်း ရှိနေပြီ။ ကိုလိုချင်တဲ့ ဟာကို အဲဒီက ထုတ်ဖော်ပြောလို့ ရလာပြီ ဆိုတဲ့ ဟာမျိုးနဲ့ ပြောလာတယ်။ ဒီလိုမျိုး နိုင်ငံရေး ဆွေးနွေးမှုကို ကျနော်တို့ မကြိုက်ဘူးလေ။ ကျနော်တို့ လိုချင်တဲ့ ဆွေးနွေးမှု ဆိုတာက ပင်လုံစာချုပ်ပေါ်မှာပါတဲ့ ကတိကဝတ်ကို အခြေခံပြီးစဖို့ပါ။ ပင်လုံ စာချုပ်အတိုင်းလို့ ပြောတာ မဟုတ်ပါဘူး။ ပင်လုံစာချုပ်မှာ သဘောတူ နားလည်မှု ယူထားတဲ့ အပိုင်းကို အခြေခံပြီးတော့ တိုင်းရင်းသား လူမျိုးစုနဲ့ ပတ်သက်ပြီးတော့ ဒီနိုင်ငံရေး ဆွေးနွေးမှု ဖြစ်အောင်လိုချင်တာပါ”

ဒါ့အပြင် KIO အဖွဲ့က အပစ်အခတ် ရပ်စဲရေးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ဖို့ သဘောထား ရှိကြောင်း ပြောဆိုပေမယ့် အစိုးရက ပြည်နယ် အလိုက်သာ ဆောင်ရွက်ဖို့ ပြောဆိုနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆက်လက် ဆွေးနွေးတဲ့ အစည်းအဝေးမှာလည်း အခုသတင်း ကြေညာနေတဲ့ အချိန်အထိ ရလဒ် တစုံတရာ မရရှိသေးဘူလို့ သိရပါတယ်။ ဒီ ဆွေးနွေးပွဲကို အစိုးရဘက်က ကချင်ပြည်နယ် လုံခြုံရေးနဲ့ တိုးတက်ရေး ဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် နဲ့ သုံးဦး ပါဝင်ပြီး KIOဘက်က ဒုတိယ ကာကွယ်ရေးဦးစီး ဗိုလ်မှူးချုပ် ဂွမ်မော်ဦးဆောင် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org