ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲ ပြန်လည်စတင်

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ဒီနေ့ နေ့လယ်ပိုင်းက စပြီးတော့ တရုတ်နိုင်ငံ ရွှေလီမြို့ ရေပူစမ်းဟော်တယ်မှာ နိုင်ငံရေးအရ ဆွေးနွေးကြပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ အရင် သဘောတူထားတဲ့ အချက်တွေကိုပဲ ပြန်လည် ဆွေးနွေးကြတာလို့ KIO ဘက်ကပြောပါတယ်။

မြန်မာအစိုးရနှင့် ကေအိုင်အို ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲ၌ ကေအိုင်အို အမြဲတမ်း ဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂမ်မှ ဆွေးနွေးနေစဉ်။ RFA

မြန်မာအစိုးရဘက်က ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ ကေအိုင်အိုဘက်ကတော့ ကေအိုင်အို အမြဲတမ်း ဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂမ်၊ ဒုဗိုလ်မှူးကြီး ဂျီးနောင်၊ ဗိုလ်မှူးကြီး ဇော်ရော်တို့ ဦးဆောင်ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးတဲ့ အကြောင်းအရာတချို့နဲ့ ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က KIO အနေနဲ့ အစိုးရထံ တင်ပြချက် အပိုင်းသုံးပိုင်းကို တင်ပြထားတာဖြစ်ပြီး ဒီကိစ္စတွေကို ဆက်လက်ဆွေးနွေးနေတာ ဖြစ်ကြောင်း ပြောပါတယ်။ အခုလို ဆွေးနွေးနေတဲ့အချိန်မှာ မြန်မာအစိုးရတပ်တွေရဲ့လှုပ်ရှားမှုတွေ များလာနေပြီး နေ့စဉ် တိုက်ပွဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ရွှေလီမြို့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြတာ အခုအကြိမ်နဲ့ဆို သုံးကြိမ်၊ လကြားယန်မှာ သုံးကြိမ်၊ ထိုင်းနိုင်ငံမှာ တစ်ကြိမ် အားလုံး ခုနစ်ကြိမ်ရှိပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org