မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ သေဆုံး

စစ်ကောင်စီဘက်က လက်နက်ခဲယမ်းပစ္စည်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြေညာထားပါတယ်။

၂ဝ၂၃ ခုနှစ် ဧပြီ ၂၆ရက်နေ့က မိုးဗြဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ။ Karenni Nationalities Defense Force - KNDF BO3

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် ညောင်ဝိုင်းရပ်ကွက်မှာ ဧပြီ ၂၆ရက် မနက်က စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝထက်မနည်း သေဆုံးပြီး နှစ်ဦးကို ဖမ်းဆီးထားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

RFA က ရရှိတဲ့ ရုပ်သံဗွီဒီယိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းတွေကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အတည်ပြုဖို့ စစ်ကောင်စီဘက်ကို RFA အနေနဲ့ ဆက်သွယ်လို့မရသေးပါဘူး။

ဧပြီ ၂၆ ရက် မနက်က စစ်ကောင်စီတပ်နဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF B-01၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။ 

စစ်ကောင်စီဘက်က လက်နက်ခဲယမ်းပစ္စည်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြေညာထားပါတယ်။

မိုးဗြဲမြို့တွင်းအထိ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကပါ လေးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း ဖယ်ခုံအခြေစိုက် ခမရ - ၃၃၆ နဲ့ အမြှောက်တပ်၊ မိုးဗြဲရေကာတာအနီးက ခလရ (၄၂၂) နဲ့ လွိုင်ကော် အမြှောက်တပ်တို့ကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် ညောင်ဝိုင်းရပ်ကွက်က သံဃာတစ်ပါးနဲ့ စစ်ဘေးဒုက္ခသည်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ မိုးဗြဲမြို့တွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ အသွားအလာသတိထားကြဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org