ကြာအင်းဆိပ်ကြီးက စစ်ကောင်စီစခန်းတစ်ခုကို KNLA မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်

ဒီစခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်ရင်း (၁၆) နဲ့ မဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က တွေ့မြင်ရသည့် စစ်ကောင်စီ လွှတ်ရှမ်းရွာတပ်စခန်း မြင်ကွင်း။ Citizen Photo

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းမပေါ်က စစ်ကောင်စီစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်အဖွဲ့တွေ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စခန်းကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လုပ်နေတယ်လို့ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက RFAကို ပြောပါတယ်။

"လွှတ်ရှမ်းရွာထိပ်မှာ စစ်တပ်ခြေကုပ်ယူထားတာပေါ့၊ ကျွန်တော်တို့ဘက်က ပိတ်ဆို့ဖြတ်တောက်ထားတာ တစ်လခွဲလောက်ကြာပါပြီ။ ဘုရားသုံးဆူနဲ့သံဖြူဇရပ်လမ်းကို ထိန်းထားတဲ့စခန်းပေါ့။ အခုက ကျွန်တော်တို့စခန်းကို ဒရုန်းတွေချပြီး မြေပြင်က အဖွဲ့တွေ ဝိုင်းတိုက်တော့ ထွက်ပြေးကုန်ပြီ။ သူတို့ စစ်တပ်ထွက်ပြေးတဲ့နောက်ကို နယ်မြေ ရှင်းလင်းရေး ဆက်လိုက်ပြီးရှင်းနေတယ်"

အဲဒီစခန်းကို တစ်လခွဲကျော်ကြာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အနီးအနားက ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်တွေ ပျက်စီးပြီး လွှတ်ရှမ်းရွာဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း သူက ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်ရင်း (၁၆) နဲ့ မဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

ဒီစခန်းသိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေအတွင်းက ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဘုရားသုံးဆူ-သံဖြုဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာစခန်းနဲ့ ဘုရားသုံးဆူနဂါးတောင်စစ်ဗျူဟာကုန်းစခန်း နှစ်ခုသာ ကျန်ပါတော့တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org