KNU တပ်မဟာ ၂ နယ်မြေထဲက တပ်စခန်းတွေ ၁ဝ ရက်အတွင်းထွက်ဖို့ KNLA သတိပေး

ပဲခူးတိုင်း တောင်ငူခရိုင် KNU တပ်မဟာ ၂ နယ်မြေထဲက တပ်စခန်းတွေကို မေ ၈ ရက်ကစလို့ ၁၀ ရက်အတွင်း ထွက်ခွာကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က မေ ၈ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့က ကျင်းပတဲ့ (၆၃) နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: REUTERS

ပဲခူးတိုင်း တောင်ငူခရိုင် KNU တပ်မဟာ ၂ နယ်မြေထဲက တပ်စခန်းတွေကို မေ ၈ ရက်က စလို့ ၁၀ ရက်အတွင်း ထွက်ခွာကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က မေ ၈ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။

ဒီသတိပေး ထုတ်ပြန်ချက်ဟာ KNLA က စစ်ရေးဆိုင်ရာ ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုအယ်လ်ဝါး က ပြောပါတယ်။

KNU တပ်မဟာ ၂ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းတွေဟာ ဆယ်စုနှစ်ကြာ ပြည်သူပိုင်မြေ၊ လယ်မြေတွေမှာ နေရာယူထားပြီး လယ်ယာ၊ တောင်ယာ၊ မွေးမြူရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဟန့်အတား ဖြစ်နေတယ်လို့ KNLA တပ်ရင်း ၆ က ဖော်ပြထားပါတယ်။

အထူးသဖြင့် ဒီနယ်မြေထဲက ဘုမ္မတီး၊ တောင်ကြီးနဲ့ ရှာစေးဘို စခန်းတွေကြောင့် မိုင်းကွင်းတွေ ရှိနေသလို လူထုက ဖမ်းဆီးပစ်ခတ်မှုတွေကို ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ရေးသားထားပါတယ်။

ဒီအခြေအနေတွေကြောင့် မေ ၈ ရက်ကနေ ၁၈ ရက်နေ့အတွင်း တပ်စခန်းတွေ ဖယ်ရှား ပေးဖို့နဲ့ နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ KNLA တပ်ရင်း ၆ က ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KNLA တပ်ရင်း ၆ ကို RFA အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

တောင်ငူခရိုင်အပါအဝင် ဘားအံ၊ ဖာပွန်နဲ့ ကော့ကရိတ် ဒေသတွေက စစ်ကောင်စီ ဝန်ထမ်းနဲ့ တပ်စခန်းတွေကို ဆုတ်ခွာဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ KNLA တပ်တွေက အသီးသီး သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org