အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ နိုင်ငံတကာ အဖွဲ့အစည်းတွေ လေ့လာမယ်
2012.03.06
ဆွေးနွေးပွဲကို လွိုင်ကော်မြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမမှာ မနက် ၉ နာရီခွဲ စတင်ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲ တက်ရောက်လေ့လာမယ့် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Hanten Feld၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Mr. Joe Fisher နဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် Mr. Andrew Webster တို့ဟာ လွိုင်ကော်မြို့မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
မနက်ဖြန်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိမ်းအပါအဝင် ဝန်ကြီး ၇ ဦးနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ တက်ရောက်မှာဖြစ်ပြီး KNPP ဘက်က အတွင်းရေးမှူး (၁) ခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအပါအဝင် ၁၄ ဦးတက်ရောက်မယ်လို့ သိရပါတယ်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း KNPP နဲ့ အစိုးရကြား အရင်က ၂ ကြိမ်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ မနက်ဖြန် ဆွေးနွေးပွဲမှာတော့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးဖွယ်ရှိတယ်လို့ နယ်စပ်အခြေစိုက် လေ့လာသူတွေက ပြောပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်အခြေစိုက် ကရင်နီလူထုအခြေပြု အဖွဲ့အစည်း ၁၄ ဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ထောက်ခံကြိုဆိုလိုက်ပါတယ်။
ကရင်နီလူမှုဖူလုံရေးပင်မ၊ ကရင်နီအမျိုးသမီး အစည်းအရုံး၊ ကရင်နီဒုက္ခသည် ပင်မကော်မတီ၊ ကရင်နီအမျိုးသား လူငယ်အစည်းအရုံး၊ ကရင်နီကျောင်းသားများသမဂ္ဂ စတဲ့ ကရင်နီလူမှုအသင်းအဖွဲ့ ၁၄ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အစည်းအဝေးတစ်ရပ်ကို ထိုင်းမြန်မာနယ်စပ် တစ်နေရာမှာ မနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးကိစ္စအပေါ် တူညီတဲ့ အမြင်သဘောထား ၁၃ ချက် ချမှတ်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် နော်သလဲစေးက ပြောပါတယ်။