လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု KNPP ကန့်ကွက်သွားမည်
ကယားပြည်နယ်အတွင်းမှာ မြန်မာ့ တပ်မတော်ကနေပြီး လက်နက်ကြီး စမ်းသပ်ပစ်ခတ်နေ မှုနဲ့ပတ်သက်လို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ထိုးထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ကို ကန့်ကွက်စာပေးပို့ သွားမယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ KNPP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ် ခဲ့ကြောင်း သိရပါတယ်။
-
2015-01-10 -
-
-
ကယားပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်ကနေ ပြီး လက်နက်ကြီး စမ်းသပ်ပစ်ခတ်နေ မှုနဲ့ပတ်သက်လို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ထိုးထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ကို ကန့်ကွက်စာပေးပို့သွားမယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ KNPP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ကယားပြည်နယ် ဒီမောဆိုးမြို့နယ် ဒေါတမကျေးရွာ အုပ်စုထဲမှာ ဇန်နဝါရီလ ၃ ရက်နေ့က စကခ ၇ လက်အောက်ခံတပ်ရင်း အပတ်စဉ် (၁)/၂ဝ၁၄ လက်နက်ကြီး သင်တန်းကျောင်းကနေပြီး လက်နက် ကြီးစမ်းသပ် ပစ်ခတ်တာနဲ့ပတ်သက်ပြီး ဒေသ ခံတွေကြောက်လန့်မှုဖြစ်ခဲ့ရာ ဒီပစ်ခတ်မှုတွေ ရပ်တန့်ပေးဖို့ ဒီမောဆိုဒေသခံ ၃ဝဝ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံကို ကန့်ကွက်စာ ပေးပို့ သွားဖို့ဆုံးဖြတ်ခဲ့တာလို့ KNPP ပါတီ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့် က ပြောပါတယ်။
"ကျနော်တို့ ဒီနေ့မှ အဲ့ဒါကို အစည်းအဝေးမှာ ဆုံးဖြတ်တာပေါ့လေ၊ ဘာလို့လည်းဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးယူတယ်ဆိုတာက လူထုတွေအတွက် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်စေချင် လ့ိုပေါ့နော်၊ နောက်ပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကြိုးစားနေတဲ့ကာလမှာ ဒီလောက်ကြီး လက်နက်ကြီးတွေ ပစ်ခတ်လေ့ကျင့်နေစရာ လိုလို့လားပေါ့၊ အဓိကတော့ လူထုအတွက် စဉ်းစားတာပဲ၊ သူတို့လက်နက်ကြီးပစ်မယ့်နေရာက လူထုတွေက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ပြု တဲ့နေရာတွေ ဖြစ်နေတယ်လေ"
ဒီလက်နက်ကြီးစမ်းသပ်ပစ်ကွင်းကနေ မပေါက်ကွဲသေးတဲ့ ကျည်ဆံတွေ အများအပြားကျန်ရှိနေပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေနဲ့ နီးကပ်နေတာကြောင့် သွားရောက်လုပ်ကိုင်စားသောက် ဖို့ ကြောက်လန့်နေကြတယ်လို့လည်း သိရပါတယ်။
ဒီလက်နက်ကြီးသင်တန်းကျောင်းကို ၂ဝဝ၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေဧက ၃၅ဝဝ ကျော် သိမ်းဆည်းခံခဲ့ရပြီး လျော်ကြေးအနည်း ငယ်သာ ပေးခဲ့တဲ့အတွက် ဒေသခံတောင် သူအများစုဟာ လျော်ကြေးလက်မခံခဲ့ကြပဲ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KNPP အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ထိုးခဲ့ချိန်ကလည်း စစ်သင်တန်းကျောင်းကိုဖယ်ရှားပေးဖို့နဲ့ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ဒေသခံပြည်သူတွေကို ပြန်ပေးဖို့နှစ်ဖက် ပူးတွဲကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့တာတွေရှိပေမဲ့ အဆင်မပြေခဲ့ဘူးလို့လည်း ဦးရွှေမျိုးသန့်က ဆက်ပြောပါတယ်။
"ကျနော်တို့ လိုချင်တဲ့အတိုင်းလည်း သူတို့မလုပ်ပေးနိုင်ပါဘူး၊ မလုပ်ပေးနိုင်တော့ သူတို့က သိမ်းထားတဲ့မြေဧကတွေ လျှော့ချတာတို့ ပြီးတော့မှ အနီးအနားမှာရှိတဲ့ လူထုရဲ့ ဖွံ့ဖြိုးရေးတွေ လုပ်ပေးတာတို့ အစားပြန်ထိုးတာပေါ့၊ ပြီးတော့ ဒီအစားထိုးစိုက်ပျိုးမြေတွေ ပေးဖို့လုပ်တာပေါ့၊ ဒါပေမယ့် ပြဿနာကလည်း အစားထိုးမြေ ပေးဖို့လုပ်တော့လည်း အဲ့ဒီနေရာတွေကလည်း တခြားဒေသတွေရဲ့ ဇစ်မြစ်ခံသစ်တောတွေဘာတွေ ဖြစ်နေတော့ တစ်ခါ အဲ့ဒီလူတွေကလည်း မကြိုက်ပြန်ဘူး၊ မူလ လယ်မြေဆုံးတဲ့လူတွေကလည်း တခြားနေရာကလူတွေလည်း သူတို့လို အလားတူမြေဆုံးမည့်အတူတူဆိုလို့ရှိရင် သူတို့က မယူချင်တော့ဘူးပေါ့"
ဒီလယ်ယာမြေ သိမ်းဆည်းခံရမှုနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ တင်ပြချက်အပေါ် အစိုးရစစ်တပ်ကနေ ဧက ၈ဝဝ ပြန်လည်ပေးအပ်ခဲ့တာရှိပေမယ့် မြေဧက ၂၇ဝဝ ကိုတော့ စစ်တပ်ပိုင်မြေအဖြစ် သိမ်းယူထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။