ကျန်းမာရေးဂိတ်နှစ်ခု ဖယ်ရှားခံရတဲ့ KNU နဲ့ တပ်မတော် တိုက်ပွဲဖြစ်
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကိုရိုနာကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်တာကြောင့် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေက ပြောပါတယ်။
-
ကျော်လွင်ဦး
2020-05-08 -
-
-
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကိုရိုနာကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်တာကြောင့် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုညွှန်ကြားချက်နဲ့ ဖာပွန်ခရိုင်မှာ ကျန်းမာရေးစစ်ဆေးဂိတ်တွေကို နေရာ ၁၄ ခုမှာ ဖွင့်ထားပါတယ်။
အဲဒီထဲက ဖာပွန်မြို့နယ် ဝါးသိုခိုကျေးရွာနဲ့ ဖားလုံးလမ်းဆုံမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို တပ်မတော်က မေလ ၆ ရက်နေ့က ဖယ်ရှားလိုက်တာကြောင့် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ KNU ဖာပွန်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကလဲဒို က ပြောပါတယ်။
“အစိုးရတပ်ဘက်က တားမြစ်တယ်လေ၊ မလုပ်ဖို့ ထွက်သွားဖို့ ဆိုပြီးလာပြီးတော့ ဖိအားပေးတာပေါ့၊ သွားလုပ်တဲ့အဖွဲ့တွေက ညှိနှိုင်းတယ် သူတို့ကမရဘူး ထွက်ခိုင်းတယ်၊ နောက်ဆုံးကျတော့ စစ်ဆေးတဲ့ ဂိတ်တစ်ခုကို သူတို့ ဖြိုချလိုက်တယ်၊ နောက် ဖားလုံးနေရာတစ်ခုကို သူတို့ မီးရှို့ပစ်လိုက်တယ်၊ အဲလိုဖြစ်လာတော့ လုံခြုံရေးယူပေးတဲ့တပ်နဲ့ တင်းမာမှုတွေဖြစ်လာတယ်၊ ဒီဘက်က ထွက်ပေးလိုက်ပြီးမှ ပစ်ခတ်မှုတွေဖြစ်တာပေါ့”
အဲဒီဂိတ်တွေကို ဖယ်ရှားပေးဖို့ တပ်မတော် စကခ (၈) လက်အောက်ခံ ခမရ(၄၀၅) တပ်ဖွဲ့တွေက ဖိအားပေးခဲ့တာလို့ ဗိုလ်မှူး ကလဲဒိုက ပြောပါတယ်။ အဲဒီနေ့က ပစ်ခတ်မှု သုံးကြိမ် ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မောင်မောင်လတ်နဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က ဆက်သွယ်မေးမြန်း ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မေ ၇ ရက် မနေ့ကလည်း ဝါသောခိုရွာအနီးမှာ KNU နဲ့ တပ်မတော် ထပ်ပြီး ပစ်ခတ်ခဲ့ကြပါတယ်။
ကျေးရွာထဲ လက်နက်ကြီးကျည်တာကြောင့် ရွာသား၂၀၀ကျော် ထွက်ပြေးနေရတယ်လို့ ဝါးကော်ကျေးရွာ အုပ်ချုပ်ရေးမှူး စောလှဌေးဦးက ပြောပါတယ်။
“မနေ့တုန်းက ရွာထဲမှာ လက်နက်ကြီးကျည်ကျတဲ့ကိစ္စနဲ့ ရွာသားတွေက ရွာထဲမှာ မနေရဲတော့ဘဲ တခြား ရွာတွေကို ထွက်ပြေးတာတွေရှိတာပေါ့၊ ထွက်ပြေးတာက ကမမောင်းဘက်မှာ ၂၄ ယောက်၊ ဝါးဒူးမှာက ၆၀ကျော်၊ တုတ်ကြီးမှာက တစ်ရာကျော်ကျော်လောက် ရှိမယ်၊ တခြား တဲတွေ ရာဘာခြံတွေမှာ သွားနေတဲ့ လူတွေလည်း ရှိတယ်”
ဝါသောခိုကျေးရွာ အနီးတဝိုက်ဟာ KNU တပ်မဟာ ၅ ထိန်းချုပ်ရာနေရာဖြစ်တာကြောင့် တပ်မတော်နဲ့ မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်တဲ့နေရာလည်းဖြစ်ခဲံပါတယ်။
KNU ရဲ့ ကျန်းမာရေးစစ်ဆေးဂိတ်တွေကို ဖိအားပေး ဖျက်သိမ်းခိုင်းတာဟာ မဖြစ်သင့်ဘဲ တွေဆုံညှိနှိုင်းသွားမယ်လို့ ဗိုလ်မှူး ကလဲဒိုက ပြောပါတယ်။
ဖာပွန်ထဲက KNU ရဲ့ ဂိတ်နှစ်ခုကို ဖယ်ရှားပေးထားပေမယ့် နှစ်ဘက် စစ်ရေးတင်းမာမှုတွေ ရှိနေသေးတယ်လို့ ဖာပွန်ခရိုင်တာဝန်ရှိသူတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မှန်ပေမယ့် ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ KNU ဘက်က ပြောသလို မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းပါတယ်။
“ကျနော်တို့ဆီက လုံခြုံရေးစစ်ကြောင်းတွေကို သူတို့ဆီက စတင်ပစ်ခတ်လို့ ဖြစ်တာပဲဖြစ်တယ်၊ အဲမှာ ကွဲလွဲနေတာရှိတယ်၊ ကွဲလွဲနေတာက ဒီဟာနဲ့ပတ်သက်လာရင် JMC ရှိပါတယ်၊ စောင့်ကြည်ရေး ကော်မရှင်တွေကနေ ဖြေရှင်းရမယ့် သဘောရှိပါတယ်”
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေစိုက်ရာဒေသတွေမှာ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၂၇ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပေမယ့် အောက်ခြေမှာ ပြဿနာတွေ အခြေခံပြီး ပစ်ခတ်တာတွေ ဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တော်တော်များများက Covid-19 ကိစ္စမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ထုတ်ပြန်ပြီးသားဗျ၊ ဒါပေမဲ့ အောက်ခြေအဖွဲ့အစည်းတွေမှာ အရင်တုန်းက ရှိခဲ့တဲ့ ကိစ္စတွေ၊ ပြဿနာတွေအပေါ်မှာ အကြောင်းပြုပြီး ဆက်ဖြစ်နေတာပေါ့၊ ဟိုဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လောက်တဲ့ လုပ်ငန်းစဉ် မဟုတ်သေးဘူးလို့ ကျနော်မြင်ပါတယ်”
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ်၊ သထုံခရိုင်က KNU ကျန်းမာရေးစစ်ဆေးဂိတ်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဖိအားပေးတာကြောင့် ဖယ်ရှားခဲ့ပါတယ်။ ဒီအခြေအနေတွေအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ကိုရိုနာ ကာကွယ်ထိန်းချုပ်ရေးအတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ လတ်တလော KNU နဲ့ တပ် တိုက်ပွဲဖြစ်တဲ့ အခြေအနေကို JMC လို့ ခေါ်တဲ့ ပူးတွဲစောင့်ကြည့်ရေးကော်မတီကနေ ဖြေရှင်းကြမယ့် အခြေအနေ ဖြစ်ပါတယ်။