တပ်မတော်နဲ့ KNU တို့ ထပ်မံတိုက်ပွဲဖြစ်ပွား

တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲမှာ နှစ်ဘက်တပ်တွေ တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။

နှစ် ၇၀ ပြည့် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပစဉ် Photo: Aung Moe Myint/RFA

တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲမှာ နှစ်ဘက်တပ်တွေ တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ကရင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ နယ်မြေ ချဲ့ထွင်မှုတွေကြောင့် ဖြစ်ရတယ်လို့ KNU ဘက်က စွပ်စွဲနေပြီး ဒေသခံတွေ ထောင်နဲ့ချီပြီးတော့လည်း ထွက်ပြေးနေရတာပါ။

ဖာပွန်မြို့နယ်အတွင်းမှာ တပ်မတော် ခြေမြန်တပ်ရင်း (၄၀၆) နဲ့ KNU တပ်မဟာ(၅) တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေး‌နွေးပြီး သုံးရက်အကြာမှာပဲ တိုက်ပွဲဖြစ်ခဲ့တာပါ။

တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်းနဲ့ ဒီဖြစ်စဉ်ကို နှစ်ဘက်လုံးက အသေးစိတ်လေ့လာ ပြန်တင်ပြဖို့ အချိန်တစ်ပတ်ပေးထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“၂၂ ရက်နေ့ညနေ လေးနာရီခွဲလောက်မှာ KNU တပ်မဟာ(၅) နဲ့ ၁၅ ယောက်လောက်နဲ့ ဖြစ်ခဲ့တာရှိတယ်။ တချို့နေရာတွေမှာ KNU ဘက်က အထင်လွဲနေတာတွေရှိတာပေါ့။ ဒီဘက်ကလည်း ညှိနှိုင်းတဲ့ဟာတွေ ရှိတာပေါ့။ ဖြစ်စဉ်အသေးစိတ်ကို အချိန်တစ်ပတ်အတွင်း ပြန်ပြီးတင်ဖို့ ပြောထားတယ်။”

ဒီဖြစ်စဉ်ပေါ် အသေးစိတ်လေ့လာချက်တွေ တင်ပြပြီးရင် အောက်ခြေအဆင့် နှစ်ဘက်အဖွဲ့တွေ ထပ်တွေ့ပြီး ဆွေးနွေးနိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော် စစ်ကြောင်းဘက်က လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတာဝန်ရှိသူတွေကို အသိပေး အကြောင်းကြားတာမရှိသလို စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU က သတင်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်က လှုပ်ရှားဆောင်ရွက်မှုတွေဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အရ အပစ်ရပ်နယ်မြေအတွင်း နယ်မြေစိုးမိုးမှု လှုပ်ရှားတာ၊ ကင်းထောက်တာ၊ အင်အားတိုးချဲ့တာ၊ မိုင်းထောင် တိုက်ခိုက်တာစတဲ့ အချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

KNU တပ်မဟာ ၅ ဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး အယ်ဒို ကတော့ တိုက်ပွဲကိစ္စကို တိတိကျကျ ရှင်းမပြပါဘူး။

“ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးဘူး။ အဲဒီမှာ ဖုန်းလိုင်းမရှိလို့ ဆက်သွယ်လို့ မရသေးဘူး။ သတင်းအတိအကျ မရတဲ့အခါ ကျွန်တော်က ပြောရခက်တာပေါ့နော်။ တစ်ဘက်နဲ့ တစ်ဘက် သိက္ခာထိခိုက်ရင်လည်း မကောင်းဘူးပေါ့။ သတင်းတိကျမရတော့ ကျွန်တော်လည်း မပြောရဲဘူးပေါ့။”

လက်ရှိတပ်မတော်နဲ့ KNU တို့ ဆွေးနွေးမှုဟာ ဆွေးနွေးမှုပဲရှိသေးပြီး ကတိကဝတ်အတည်ပြုချက်တွေ မရှိသေးတာကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင် သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ပြောပါတယ်။

“ဆွေးနွေးထားတာပဲရှိတယ်။ ဘာမှအတည်ပြုချက်မရသေးဘူးလေ။ ဆွေးနွေးပွဲက ရိုးရိုးစကားဝိုင်းအဆင့်ပဲရှိသေးတာကိုး။ ဘာမှ ကတိကဝတ်တွေဘာတွေ မရှိသေးတဲ့အခါကြတော့ အဲဒီလို ဖြစ်တတ်တဲ့ သဘောလေးတွေတော့ ရှိမှာပါ။”

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ နှစ်ဘက်စလုံး သဘောထားကြီးဖို့ လိုအပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးကြီးမားမား ထိခိုက်မှုမရှိနိုင်ပေမယ့် ဂရုစိုက်ဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။

“နှစ်ဘက်စလုံး တွေ့ဆုံဆွေးနွေးဖို့နဲ့ သဘောထားကြီးဖို့လိုတယ်။ တစ်ဘက်ဘက်ကနေ ကိုယ်ထင်မြင်ယူဆချက်တွေ မှန်တယ် ဒါကိုမဖြစ်မနေ အကောင်အထည်ဖော်မယ် ဆိုရင်တော့ ပြဿနာကတော့ ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ KNU နဲ့ တခြားဒေသတွေ ပဋိက္ခတွေ ဖြစ်ပွားတာမရှိဘူး။ ဒီတစ်နေရာမှာပဲ ဖြစ်ပွားနေသေးတာကြောင့် KNU နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အများကြီး ထိခိုက်မှုတော့မရှိနိုင်ဘူးထင်ပါတယ်။ ဒါပေမဲ့ မီးပွားလေးဖြစ်တဲ့ အတွက်ကြောင့် ဂရုစိုက်ဖို့ လိုအပ်မယ်လို့တော့ ထင်ပါတယ်။”

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်ရဲ့ ရိက္ခာသယ်ဆောင်ဖို့ လမ်းဖောက်လုပ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ KNU တို့ ၂၀၁၉ ကတည်းက ပဋိပက္ခဖြစ်နေတာပါ။

အခု လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မုတြော်ဒေသမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် ရှိနေပြီလို့ ကရင်အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ကလေးငယ် လေးရာကျော်နဲ့ အမျိုးသမီး ရှစ်ရာကျော်ပါဝင်ပါတယ်။

ဒီပဋိပက္ခတွေဟာ ကရင်ပြည်နယ်အတွင်းမှာ တပ်မတော်က တပ်နယ်မြေ တိုးချဲ့တာဖြစ်တယ်လို့ KNU က စွပ်စွဲထားပါတယ်။

ဇန်နဝါရီကုန်ပိုင်းကဆိုရင် KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နဲ့ ဖာပွန်မြို့အကြားမှာ ခမရ ၇၀၈ က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ယောက် ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ကျဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org