KNU ညီလာခံကို လာမယ့် မတ်လမှာ ကျင်းပမည်


2016.11.14
naw-zipporah-sein-620.jpg ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ပုံ
photo: Kyaw Zaw Win/RFA

၄ နှစ် တစ်ကြိမ်ကျင်းပရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ညီလာခံကို လာမယ့် ၂၀၁၇ ခုနှစ် မတ်လ မှာ ပြောင်းလဲကျင်းပဖို့ KNU ဗဟိုအမြဲတမ်းကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ KNU ဒုတိယ ဥက္ကဌ ပဒိုနော်စီ ဖိုးရာစိန်ကပြောပါတယ်။

၁၆ ကြိမ်မြောက် KNU ညီလာခံကို ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပရမှာဖြစ်ပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်ချိန် ရဖို့ ရွှေ့ဆိုင်းလိုက်တာလို့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ကပြောပါတယ်။

"တကယ်တမ်းတော့ ကျမတို့ ၄ နှစ်တစ်ကြိမ် ကျင်းပရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အခြေအနေ၊ အရေးကြီးတဲ့ နိုင်ငံရေးလုပ်ရမယ့် အချက်အလက်တွေရှိတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကွန်ဂရက်က မတ်လအထိ ရွှေ့ဆိုင်းသွားတာဖြစ်တယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေစပြီး လုပ်ဖို့အတွက် ကလည်း လုပ်ရမယ့်အချက်အလက်တွေရှိတယ်။ ဒါကိုလည်း အဆင့်အဆင့်နဲ့ လုပ်ရတဲ့အတွက်ကြောင့် အချိန်ကလည်း ကပ်နေတဲ့အတွက်ပေါ့လေ၊ မတ်လအထိ ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်။" လို့ ပြောပါတယ်။

KNU ညီလာခံမှာ ပြည်တွင်း ပြည်ပက ကရင်လူမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် တက်ရောက်နိုင်ဖို့ ဖိတ်ကြား သွားမှာဖြစ်ပြီး သူတို့ရဲ့သဘောထားတွေကို နားထောင်သွားမယ်လို့လည်း ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမယ့် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမှာဖြစ် တာကြောင့် အဲဒီအတွက် ပြင်ဆင်ဖို့ အချိန်လိုအပ်တယ်လို့ ပြောပါတယ်။

ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ အခြေခံဥပဒေအရ အရေးကြီးတဲ့ကိစ္စရှိရင် ညီလာခံကို ၂ နှစ်အထိ အချိန် ရွှေ့ပြောင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

၄ နှစ်တကြိမ် ကျင်းပမြဲဖြစ်တဲ့ ညီလာခံကနေ KNU ခေါင်းဆောင်ပိုင်းကို မဲပေးရွေးချယ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ်ဆိုတဲ့ မူဝါဒကို ချမှတ်ထားတာကြောင့် ခေါင်းဆောင် ပိုင်းပြောင်းလဲ သွားမယ်ဆိုရင်လည်း အစိုးရနဲ့ ဆက်ဆံတဲ့မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပဒိုနော်စီဖိုး ရာစိန် က ပြောပါတယ်။

ဒါ့အပြင် ပဒိုနော်စီဖိုးရာစိန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့အရေးကြီးကြောင်းနဲ့ ဒီလိုပါဝင်နိုင်မှ အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။