စစ်သားနှစ်ဦး အသတ်ခံရတဲ့ကိစ္စ တပ်ရဲ့စွပ်စွဲချက်ကို KNU ငြင်း
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်လမ်းဟောင်းမှာ တပ်မတော်သားတချို့ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေး တဲ့အခါ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ဆက်စပ်တယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။ KNU ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
-
ကျော်လွင်ဦး
2020-10-01 -
-
-
ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ်လမ်းဟောင်းမှာ တပ်မတော်သားတချို့ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးတဲ့အခါ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ဆက်စပ်တယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။ KNU ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ကော့ကရိတ်- မြဝတီလမ်းဟောင်းမှာရှိတဲ့ အလယ်ဘိုတဲနားမှာ တပ်မတော်သား နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး မိုင်းထောင်ခဲ့သူတွေထဲက နှစ်ဦးကို ဖမ်းမိထားတယ်လို့ တပ်မတော်တင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ဆေးချက်အရ KNU နဲ့ ဆက်စပ်မှုရှိတယ်လို့ ကနဦးတွေ့ရှိထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ပြောပါတယ်။
"သူတို့ရဲ့ဆက်စပ်မှုကတော့ အဲမှာရှိနေတဲ့ KNU အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်၊ တယောက်ကတော့ KNUအဖွဲ့မှာ သင်တန်းတက်ခဲ့ဖူးတယ်၊ အမြဲတမ်း KNU အဖွဲ့ဝင်တော့မဟုတ်ဘူး၊ ခိုင်းစေတာလည်း KNU အထက်အဆင့် မပါပါဘူး၊ အောက်ခြေမှာရှိတဲ့ အဖွဲ့တဖွဲ့က ခိုင်းစေလို့ လုပ်ရတယ်ဆိုတာတော့ ကျနော်တို့ အကြမ်းဖျင်းဖော်ထုတ်ရရှိပါတယ်၊သူတို့ကိုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉နေ့က ကော့ကရိတ်-မြဝတီ လမ်းဟောင်းပေါ်မှာရှိတဲ့ အလယ်ဘိုတဲစခန်းမှာ ဆက်သွယ်ရေး တပ်က တပ်သားနှစ်ဦး သတ်ဖြတ်ခံရတာပါ။
ရုပ်အလောင်းသယ်ယူရေး၊ စစ်ဆေးရေးအတွက် အခင်းဖြစ်တဲ့နေရာကို တပ်မတော်သားတချို့ သွားရောက်ခဲ့ ပြီးနောက် အလောင်းအောက်မှာ ထောင်ထားတဲ့ မိုင်းပေါက်ကွဲလို့ ဆေးတပ်က ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်သား တစ်ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။
မိုင်းထောင်ခဲ့သူတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၇ရက်နေ့က တပ်မတော်နဲ့ BGF နယ်ခြားစောင့်တပ် ပူးပေါင်း အဖွဲ့က လှည့်ကင်း၊ ကင်းပုန်းဆောင်ရွက်ရင်း ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျူးလွန်သူ သုံးဦးထဲက နှစ်ဦးကိုသာ ဖမ်းမိတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
သူတို့နှစ်ဦးဆီမှာ အသတ်ခံခဲ့ရတဲ့ တပ်မတော်သားတွေဆီက ယူဆောင်သွားတဲ့လက်နက်တွေ တွေ့ရပြီး သူတို့ကိုယ်တိုင် သတ်ဖြတ်ခဲ့ကြောင်းနဲ့ တပ်မတော်သားအလောင်းတွေအောက်မှာ မိုင်းထောင်ခဲ့တယ်ဆိုတာကို ဝန်ခံထားတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကတော့ ဒီ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။
"ကျနော်တို့နဲ့ သိကျွမ်းခဲ့ဖူးတာနဲ့ ကျနော်တို့ အဖွဲ့အစည်းဝင်ဖြစ်တယ်ဆိုတာ ပြောလို့ လုံးဝမရဘူးလေနော်၊ တချို့တွေ ခဏတဖြုတ် ကျနော်တို့ဆီ ရောက်ဖူးတာနဲ့ သူတို့ကိုယ်သူတို့ ပြန်ကြွားတာ ငါက KNU မှာ ဘာဖြစ် တယ် ညာဖြစ်တယ် ဆိုတာမျိုးနဲ့ ဓာတ်ပုံတွေရိုက် အဲလိုမျိုးလုပ်တာတွေကို တောက်လျှောက် ကျနော်တို့ ဖြေရှင်းရတာတွေရှိပါတယ်၊ ကျနော်တို့ပြောချင်တာက ဒီကိစ္စက ကျနော်တို့နဲ့ လုံးဝ မပတ်သက်ဘူးဆိုတာကို ပြောချင်ပါတယ်"
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ကန့်ကွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
တပ်မတော်ဘက်ကတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်လို့ တိကျတဲ့အဖြေရရှိရင် ပစ်ခတ်တိုက်ခိုက်မှု လေ့လာ စောင့်ကြည်ရေးကော်မတီ JMC ထံ တင်ပြပြီး တရားဝင်လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်သလို ဥပဒေအတိုင်း အရေးယူနိုင်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရန်ကုန်မြို့က စစ်ရေး နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်ကတော့ ဒီဖြစ်ရပ်ဟာ KNU နဲ့ တပ်မတော်ကြား ပဋိပက္ခ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။
" KNU ကလည်း ခုသိတဲ့အတိုင်းဘဲ BGF တို့၊ DKBA တို့ စသည်အားဖြင့် အဖွဲ့က သုံးလေးဖွဲ့လောက် ကွဲနေ တဲ့အခါကျတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး KNU ငြင်းလိမ့်မယ်လို့ ကျနော်က ယူဆပါတယ်၊ သို့သော် အဲဒါတွေ က တရားခံအစစ်အမှန်ဖြစ်တယ်ဆိုတာ သေချာရင်တော့ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားဖို့လိုတယ်၊ အဲဒီကိစ္စဟာ ငြိမ်းချမ်းရေးထဲမှာ NCA လက်မှတ်ထိုးထားတဲ့ KNU အဖွဲ့အစည်းနဲ့ကြားထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခ မဟုတ်ဘူးလို့ ကျနော်ကတော့ ယေဘုယျသုံးသပ်ပါတယ်"
ဒီဖြစ်ရပ်တွေအတွက် တာဝန်ရှိတာဟာ DKBA ခွဲထွက်အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့ ကနဦး သတင်းရထားတဲ့ အကြောင်း စက်တင်ဘာလဆန်းလောက်က တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် DKBA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။