ကျောက်ကြီးမြို့နယ် ၁၈ ရွာက ရေဘေးသင့် လူငါးထောင်ကျော် အရေးပေါ်အကူအညီလိုအပ်

ရေကြီးတာကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဆေးကုသဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ရေနစ်မြှုပ်နေတဲ့ကျေးရွာအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ KNU

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ ကျေးရွာ ၁၈ ရွာက လယ်ဧကပေါင်း ရှစ်ထောင် ရေနှစ်မြှုပ်ခဲ့ပြီး လူငါးထောင်ကျော် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ KNU က အောက်တိုဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး ဒီနေ့အထိ ရေကြီးနေတဲ့အတွက် ကျေးရွာတိုင်းလိုလိုနဲ့ လယ်ကွင်းတွေမှာ ရေနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးထားတဲ့စပါးတွေ ပျက်စီးဆုံးရှုံးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျေးရွာအဆင့် မြေယာကော်မတီတွေ စာရင်းတွေအရ ရေကြီးတာကြောင့် ကျေးရွာ (၁၈) ရွာက လူ ငါးထောင်နီးပါးလည်း အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေအသေးစိတ်သိရဖို့ KNU တာဝန်ရှိသူတွေကို RFA ကဆက်သွယ်ပေမဲ့ လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

သူးကဘီး၊ မမရမ်း အထက်၊ ပဲသောင်၊ လိန်ပင်ဝဲ၊ ဒလဆိပ်၊ သစ်ဖရောင်းတန်း၊ ကျွန်းကြီးအပါအဝင် ကျေးရွာ ၁၈ ရွာက လယ်တွေ ပျက်စီးခဲ့တာလို့ ရေးသားထားပါတယ်။

ရေကြီးတာကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေး ဆေးကုသဖို့ အခက်အခဲတွေရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေသိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ရေလွှမ်းမိုးမှုမှာ ရေဘေးသင့်ပြည်သူ နှစ်သောင်းခန့်ရှိပြီး ရပ်ကွက် ၁၂ ခုနဲ့ ရွာ ရှစ်ရွာ ပါဝင်ပါတယ်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org