KNU စာသင်ကျောင်း လက်နက်ကြီးပစ်ခတ်ခံရလို့ ကျောင်းသူသုံးဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ ထန်းတပင်မြို့နယ်မှာရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းဝင်းထဲ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ အလယ်တန်း ကျောင်းသူသုံးဦး ဒဏ်ရာအပြင်းအထန် ရရှိသွားပါတယ်။
-
RFA Burmese
2023-06-16 -
-
-
ပဲခူးတိုင်း တောင်ငူခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ ထန်းတပင်မြို့နယ်မှာ ရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းဝင်းထဲ ဇွန်လ ၁၄ ရက် ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ အလယ်တန်း ကျောင်းသူ သုံးဦး ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ဒေသခံတွေနဲ့ KNU ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD)က RFA ကိုပြောပါတယ်။
ဇွန်လ ၁၄ ရက်၊ ညပိုင်း ၁၁ နာရီလောက်မှာ ရေလျှံကျေးရွာအနီး ရှားစေးဘို စစ်ကောင်စီ တပ်စခန်း ခြေလျင် တပ်ရင်း (၃၀၆) က လက်နက်ကြီးနဲ့ ငါးချက်ပစ်ခတ်ခဲ့တာလို့ KNU ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD)ရဲ့ အတွင်းရေးမှူး စောအယ်ကလူထူးက RFA ကို ပြောပါတယ်။
"သူတို့အခြေစိုက်တဲ့ စခန်းတွေကို တစ်ဖက်က လာတိုက်မှာ ကြောက်လို့ သူတို့က (စစ်ကောင်စီတပ်) အဲလိုမျိုး လက်နက်ကြီးအကူနဲ့ပဲ။ လေကြောင်းအကူနဲ့ပဲ အဲလို ညညလိုက်ခြောက်ပြီး ပစ်တာပေါ့နော်။ ကျွန်တော်တို့ သုံးသပ်သလောက်တော့ သူတို့စခန်းကို လာတိုက်လို့မရအောင် ပစ်နေတာပေါ့"
လက်နက်ကြီး တစ်လုံးက ကျောင်းသူတွေနေတဲ့ ဘော်ဒါဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းသူ တစ်ဦး လက်ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့သလို ကျောင်းသူနှစ်ဦး ဦးခေါင်း ပြတ်ရှ ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။ လုံခြုံရေးအရတော့ ဒဏ်ရာရ ကျောင်းသူတွေရဲ့ အမည်နဲ့ အသက်ကိုတော့ မပြောပါဘူး။
ဒီစာသင်ကျောင်းမှာ နယ်ဝေးက ကျောင်းသားတွေအပြင် စစ်ဘေးရှောင် ကျောင်းသားတွေ ကျောင်းအိပ်၊ ကျောင်းစား စာသင်နေကြတာဖြစ်တဲ့အတွက် သူတို့ ညပိုင်း အိပ်စက်ချိန် လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုလွီဝါးအထက်တန်းကျောင်းမှာ ကျောင်းသား ဦးရေ နှစ်ထောင်နီးပါး ကျောင်းတက် နေကြတာပါ။
စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် လတ်တလော ကျောင်းကို ပိတ်ထားရပြီး နောက်ပိုင်း အခြေအနေကြည့်ပြီး ကျောင်း ဖွင့်၊ မဖွင့်ကို ဆုံးဖြတ်သွားမယ်လို့ KNU ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးရှိတဲ့အတွက် ပြန်ဖြေနိုင်ခြင်းမရှိသေးဘူးလို့ ပြောဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ထိခိုက်အောင်လုပ်စရာ အကြောင်းမရှိဘူးလို့ ယခင်က ပြောဆိုထားပါတယ်။
KNU ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU တပ်မဟာနယ်မြေ ခရိုင် ခုနှစ်ခုအတွင်းမှာ စာသင်ကျောင်း ၁၇ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။