KNU နယ်မြေမှာ တိုက်ပွဲပြန်ဖြစ်၊ စစ်ပြေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်နေ
ကရင်ပြည်နယ်တွင်းက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ KNU နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြန်လည် ပြင်းထန်လာနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သိန်းကျော် ဟာလည်း စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရပါတယ်။
-
လုဆိုင်း (ထိုင်းနိုင်ငံ)
2021-10-15 -
-
-
ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာနေပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ခရိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုဆိုရင် စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်မှုတွေ ရှိနေပါတယ်။
KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ခုလုံးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ပြေး ဒုက္ခသည်တွေလည်း တောတောင်တွေမှာဘဲ ပုန်းရှောင်နေကြသလို၊ ဘယ်အဖွဲ့အစည်းရဲ့ အကူအညီမှ မရတဲ့အတွက် လတ်တလော စားဝတ်နေရေးတွေ ခက်ခဲနေတယ်လို့ ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG)က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။
“ခန့်မှန်းခြေက တသိန်းကျော်လောက်ရှိတယ်ပေါ့။ များသောအားဖြင့် တပ်မဟာ ၅ မှာ။ တပ်မဟာ ၃ ဘက်မှာဆိုရင်လည်း ရွာသားတွေ ပြေးလိုက် ပြန်လာလိုက် နေနေရတာပေ့ါ။ တပ်မဟာ ၅ မှာပို ဆိုးတာက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တာလေ။ စစ်ဘေးရှောင်တွေက အထူးသဖြင့် ကာလကြာရှည် စစ်ရှောင်နေရတဲ့ကာလတွေမှာ လူသားချင်းစာနာထောက်ပံ့မှု အပြည့်အဝ အလုံအလောက် မရရှိကြဘူး။ အကြောက်တရားနဲ့ နေထိုင်နေရတယ်။ အခြေခံ လူ့အခွင့်အရေးအားလုံး ဆုံးရှုံးနေရတာပေါ့နော်။ စားဝတ်နေရေးကြတော့ ခက်ခဲတာပေါ့။ ဘာလို့လဲဆိုလို့ ရှိရင် သူတို့တချိန်လုံး ပြေးနေရတဲ့အခါကြတော့ သူတို့လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းထားရတာပေါ့။ အဓိက ရေရှည်စားနပ်ရိက္ခာလိုအပ်တာပေါ့”
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် နဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာဘဲ အရင်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမဲ့ အခုဆိုရင် ကေအန်ယူ တပ်မဟာ ၁၊၄၊၆ ၊ ၇ ထိန်းချုပ် နယ်မြေတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ ရွာသားတွေရဲ့ နေအိမ်တွေ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ စောနန္ဒဆူးက ပြောပါတယ်။
“တိုက်ပွဲကတော့ အရင်ကထက်အများကြီးများလာတာပေါ့။ ဒီနေ့တောင်မှလည်း ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲ ဖြစ်နေတယ်။ တပ်မဟာ ၅ ဘက်မှာ တိုက်ပွဲစြဖ်ပြီးတော့ ရွာသားတွေရဲ့ နေအိမ် ပစ်ခတ်တယ်။ ရွာသားတွေ ထွက်ပြေးရတာတွေ ရှိတယ်။ တပ်မဟာ ၆ ကော့ကရိတ်မြို့နယ် ဘက်မှာလည်း ဘက်မှာဆိုရင်လည်း လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကြောက်မလို့ ရွာသားတွေ ထွက်ပြေးရတာတွေရှိတယ်"
စစ်ပြေးဒုက္ခသည်တွေဆီကို လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့တဲ့အဖွဲ့အစည်းတွေလည်း သွားရောက်ကူညီဖို့ အခက်အခဲတွေ ရှိနေလို့ သူတို့ဖာသာ ရပ်တည်နေပေမဲ့ အခုဆိုရင် အမိုးအကာနဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အဓိက လိုအပ်တယ်လို့ စောနန္ဒဆူးက ပြောပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး(KWO) က ဗဟိုကော်မတီအဖွဲ့ဝင် နော်ဆဲဆဲကလည်း ကရင်စစ်ပြေးဒုက္ခသည်တွေဟာ စစ်ကောင်စီနဲ့ ကေအန်ယူတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေလို့ အခုထိ တောတောင်တွေမှာဘဲ ပုန်းရှောင်နေရဆဲဖြစ်ပြီး မသန့်ရှင်းတဲ့ရေတွေကြောင့် ဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေလို့ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ ပြောပါတယ်။
“ကရင်ဘက်တော့ ဒီနေ့ ဒီအချိန်အထိ ဘယ်သူမှ ရွာတို့၊ အိမ်တို့ မပြန်ရဲသေးတဲ့အနေအထားရှိတယ်။ ကူညီပံ့ပိုးမှုတွေကတော့ အမြဲတမ်းလိုအပ်နေတယ်။ အထူးသဖြင့် ပိုပြီး အခက်အခဲ ဖြစ်နေတာက ဆေးဝါးကုသမှုတွေပေါ့နော်။ ဆေးဝါးတွေ မလုံလောက်တဲ့ အနေအထားတွေ့ရတယ်။ ဆရာ၊ ဆရာမတွေ မလုံလောက်တဲ့ အနေအထားတွေ ရှိနေသေးတယ်”
KNU တပ်မဟာ ၁၊၃၊၅ ဒေသတွေမှာ နေ့တိုင်းလို တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိသလို၊ ရွာသားတွေ ပေါ်တာဆွဲခံရတာတွေလည်း ရှိနေတယ်လို့ နော်ဆဲဆဲက ပြောပါတယ်။
“တိုက်ပွဲတွေက နေ့တိုင်းလို ဖြစ်နေတယ် လက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်။ ကျမတို့ သိရတာက တချို့ရွာတွေကတော့ ပေါ်တာတွေ ဆွဲတယ်။ ရိက္ခာတွေ သယ်သွားတာတွေ၊ ရိက္ခာ စားနပ်ရိက္ခာတွေကို မပေးဘဲ ယူထားတာတွေ၊ ဖြတ်ယူတာတွေ ရှိတယ်ပေါ့”
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်က KNU ၅ နယ်မြေအတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီ တောတောင်တွေမှာဘဲ ပုန်းရှောင်နေရတာ ဖြစ်ပါတယ်။