ဖာပွန်ခရိုင်ထဲ တစ်လလုံး တိုက်ပွဲပေါင်း ၃၅၀ ကျော် ဖြစ်ပွား
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲမှာ မတ်လ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
- 2022-04-03
-
-
-
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲမှာ မတ်လ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က တပ်ရင်းမှူး တစ်ဦးအပါအဝင် ၁၁၈ ဦး သေဆုံးခဲ့တယ်လို့ KNU - မူတြော် သတင်းစဉ်က ထုတ်ပြန်ပါတယ်။
ဧပြီလ ၂ ရက် မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) တို့ မတ်လထဲမှာ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ KNLA ဘက်ကလည်း ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၅၉ ဦး ဒဏ်ရာရခဲ့ပြီး KNLA ဘက် ကလည်း ၂၈ ဦး ဒဏ်ရရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၈ သေဆုံးခဲ့သလို ၁၀ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ KNLA က ဆိုပါတယ်။
ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ကရင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု အရေအတွက်နဲ့ ပတ်သက်ပြီး ယခင်က KNU ရဲ့ ထုတ်ပြန်ချက်တွေကိုတော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။
မတ်လထဲမှာပဲ KNU တပ်မဟာ (၅) နယ်မြေထဲကို စစ်ကောင်စီတပ်ဘက်က ဂျက် တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး ဗုံးဆံ ၁၃ လုံးထိ ကျဲချခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အရပ်သားတွေနေထိုင်တဲ့ ရပ်ရွာတွေထဲနဲ့ လယ်ယာ၊ ခြံမြေတွေထဲကို လက်နက်ကြီး ကျည် ၄၇၄ လုံးအထိ ပစ်ခတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။