မြဝတီဘက် စစ်ကူလာတဲ့ယာဉ်တန်းကို KNU ကြားဖြတ်တိုက်ခိုက်

ဧပြီလ ၂၁ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်လေးတစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြဝတီဘက်သို့ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တို့ တိုက်ခိုက်ပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် Cobra Column တပ်ခွဲ-၄ က ထုတ်ပြန်ထားသည့် ပုံ။ Photo: Cobra Column တပ်ခွဲ-၄

မြဝတီဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်လေးတစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်တန်းမှာပါတဲ့ သံချပ်ကာစစ်ကားတစ်စီး၊ စစ်သေနတ်တပ်ကား နှစ်စီးအပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရမိခဲ့တယ်လို့ KNU က ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်တာဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေဟာ မြဝတီမြို့စောင့် ခလရ (၂၇၅) ကို သိမ်းပိုက်လိုက်ပြီးနောက် အဲဒီတပ်ကနေ ထွက်ပြေးလာတဲ့ စစ်သားတွေခိုလှုံနေတဲ့ အမှတ်(၂) ကုန်သွယ်ရေးတံတားနားကိုလည်း ဧပြီလ ၂ဝ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အယောက် ၃ဝ ထက်မနည်းသေဆုံးခဲ့ပြီး တပ်မ ၄၄ မှူး ဗိုလ်မှူးကြီးစိုးမင်းထက်အပါအဝင် အယောက် ၃ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။

မြဝတီဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်သိရဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြဝတီတိုက်ပွဲမှာ အကျအဆုံးများနေတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ အရပ်သားနေအိမ်တွေကို နေ့တိုင်းလိုက်လံပစ်ခတ်နေတယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org