မြို့သစ်စီမံကိန်းကိစ္စ KNU ဗဟိုအလုပ်အမှုဆောင် ငြင်းဆို

ကရင်ပြည်နယ်၊ မယ်ထော်သလေးကျေးရွာအနီး တည်ဆောက်မယ့် မြို့သစ်စီမံကိန်းမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောရောဂျာခင်က ငြင်းဆိုလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောရောဂျာခင်အား တွေ့ရစဉ်။ KNU

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာအနီး တည်ဆောက်မယ့် မြို့သစ်စီမံကိန်းမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောရောဂျာခင်က ငြင်းဆိုလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာရှိတဲ့ မြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်က တက်ရောက်ပြီး ခွင့်ပြုပေးခဲ့တယ်ဆိုတာ စွပ်စွဲချက်တွေကို KNU ဗဟို လူမှုကွန်ရက် စာမျက်နှာကနေတစ်ဆင့် ပဒိုစောရောဂျာခင်က မတ်လ ၁၂ ရက်မှာ ဖြေရှင်းလိုက်တာပါ။

"ထွက်ပေါ်နေတဲ့ ကျနော်ပါတယ်ဆိုတဲ့ သတင်းက လုံးဝ မဟုတ်ပါဘူး။ ဒါက KNU အလုပ်လည်းမဟုတ်ဘူး။ KNU အလုပ်က နိုင်ငံရေး၊ တပ်ပိုင်းဆိုင်ရာအရေးတွေ အခြားအရာတွေ ဖြစ်တယ်။ အခုက စီးပွားရေးလုပ်ငန်း ဖြစ်တယ်။ ကုမ္ပဏီနှစ်ခုရဲ့ စီးပွားရေးလုပ်ငန်းပဲ။ နောက်တစ်ခုက မြို့သစ်တည်မယ့်ကိစ္စက ကျနော် မသိဘူး"

Trans- Asia International Holding Grop (Thailand) ကုမ္ပဏီကပြုလုပ်တဲ့ ပန္နက်တင်အခမ်းအနားပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တက်ရောက်ခဲ့တယ်လို့ ပဒိုစောရောဂျာခင်က ဝန်ခံပါတယ်။ ဒါဟာ သိမ်းဆည်း၊ ဝယ်ယူခံရတဲ့ မြေယာတွေအတွက် ပြည်သူတွေ ရသင့်ရထိုက်တဲ့တန်ဖိုး ရရှိဖို့ တက်ရောက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

စီမံကိန်းနယ်မြေဟာ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၆)နယ်မြေမှာမရှိဘဲ မြန်မာအစိုးရ ရဲ့ နယ်မြေဖြစ်သလို KNU ကလည်း ခွင့်ပြုချက်မပေးခဲ့ဘူးလို့ ပဒိုစောရောဂျာခင်က ဆိုပါ တယ်။

ဒီစီမံကိန်းဟာ အွန်လိုင်းလောင်းကစား၊ လိင်ဖျော်ဖြေရေးလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးလုပ်ငန်း တွေ ပါဝင်နေတဲ့အပြင် ဒုစရိုက်လုပ်ငန်းမှာ ပါဝင်နေတဲ့ နိုင်ငံတကာစီးပွားရေးသမားတွေ ငွေမည်းခဝါချနိုင်အောင် ရင်းနှီးမြှုပ်နှံနေတဲ့ စီမံကိန်းတွေ ဖြစ်တယ်လို့ ကရင်လူမှု အဖွဲ့အစည်းတွေက ပြောထားပါတယ်။

ကမ္ဘာတစ်ဝန်းက ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ဒီစီမံကိန်းမှာ KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ပါဝင်နေတာကို အရေးယူတာမရှိတဲ့အတွက် ဗဟိုအလုပ်အမှုဆောင် တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့ ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက်မှာ ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစားနဲ့ ငွေကြေးဝန်ဆောင်မှု အပါအဝင် ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင်တာကို လက်မခံသလို KNU အဖွဲ့ဝင်တွေကို ပါဝင်ခွင့်ပြုထား တာလည်း မရှိဘူးလို့ KNU က ဖေဖော်ဝါရီလ ၂၇ ရက် နေ့က ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org