စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို KNU ကန့်ကွက်

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်ကို စစ်နွံအတွင်း ကျရောက်စေမှာဖြစ်လို့ ကန့်ကွက်တယ်လို့ KNU က ဖေဖော်ဝါရီ ၁၉ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ အညာသားလေး

စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်ကို စစ်နွံအတွင်း ကျရောက်စေ မှာဖြစ်လို့ ကန့်ကွက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၁၉ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

ပြည်သူတွေအနေနဲ့ ဒီဥပဒေအကောင်အထည်ဖော်ရေးလုပ်ငန်းမှာ မပါဝင်ဘဲ အန်တုဆန့်ကျင်ဖို့၊ တော်လှန်ရေး အဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်ဖို့ နဲ့ အချင်းချင်းကာကွယ်ပေးပြီး နည်းမျိုးစုံနဲ့ ဆန့်တိုက်ဖျက်ရေး လုပ်ငန်းတွေလုပ်ဖို့ တိုက်တွန်းထားပြီး ဒီလုပ်ငန်းတွေမှာ KNU က ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်ပကျူးကျော်ရန်ကို ကာကွယ်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတာနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေမှာ အကူအညီပေးဖို့ ရည်ရွယ်ထားတဲ့ ဥပဒေဖြစ်တယ်လို့ KNU က ဆိုပါတယ်။

အဲဒီအစား စစ်ကောင်စီဟာ ဥပဒေပြဋ္ဌာန်းပြီး လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုလုံးကို အတင်းအကျပ်စစ်သားစုဆောင်းကာ စစ်နွံအတွင်း ဆွဲသွင်းတာဖြစ်သလို စစ်အာဏာကို သက်ဆိုးရှည်ဖို့ ကျင့်သုံးတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအကောင်အထည်ဖော်ရာမှာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့လည်း KNU က ပြောပါတယ်။

စစ်ကောင်စီဟာ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက် မှာ စတင်အသက်သွင်းခဲ့သလို ဗဟိုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးဝင်သူ ၁၃ သန်းကျော် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org