KNU ရောင်းချမြေပေါ် က နေအိမ်တွေ ဖယ်ရှားပေးဖို့ အမိန့်ထုတ်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းရွာနဲ့ အမြန်လမ်းမကြီးကြား မှာရှိတဲ့ မြေကွက်တွေကို KNU ကရင်အမျိုးသားအစည်းအရုံး ထံကနေ ဝယ်ယူထားသူတွေက လက်ရှိ နေအိမ်ဆောက် လုပ်နေတာကို ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးစာထုတ်ထားပါတယ်။
-
2015-12-11 -
-
-
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းရွာနဲ့ အမြန်လမ်းမကြီးကြားမှာရှိတဲ့ မြေကွက်တွေကို KNU ကရင်အမျိုးသားအစည်းအရုံးထံကနေ ဝယ်ယူထားသူတွေက လက်ရှိ နေအိမ်ဆောက်လုပ်နေတာကို ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးစာထုတ်ထားပါတယ်။
အဲဒီမြေကွက်တွေဟာ ဆင်းရဲသားတွေ အိမ်ယာပိုင်ဆိုင်နိုင်ဖို့ အကောင်အထည်ဖော်တဲ့ စီမံကိန်းဆိုပြီး ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်ကို ငွေကျပ် သုံးသိန်းနဲ့ KNU က ရောင်းချထားတာဖြစ်တယ်လို့ မြေကွက်တစ်ကွက်ဝယ်ယူ ထားတဲ့ ဦးစိန်သောင်းက ပြောပါတယ်။
"သမ္မတကြီး ခွင့်ပြုချက်နဲ့ ကေအဲန်ယူကနေပြီး မြေကွက်တွေကို ဖော်ဆောင်တယ်လို့ သူကရေးထားတာလေ၊ ၂၅.၂.၂ဝ၁၄ ကစပြီး ဆိုင်းဘုတ်မှာ အဲ့အတိုင်းတင်တာပေါ့နော်၊ ဒါဘယ်မြေမှန်း မသိဘူးလေ၊ သူတို့က စိုက်ပျိုးရေးမြေလို့သာပြောတာ ဒီနေရာက မြက်တောင် မပေါက်ပါဘူးဗျာ၊ ကေအဲန်ယူက အကွက်ရိုက်ပြီး ကျနော်တို့ကို ရောင်းတာ၊ ရောင်းတော့ ကျနော်တို့ကလည်း ဝယ်တာပေါ့၊ ၄ဝ x ၆ဝ တစ်ကွက်ကို ၃ သိန်းလေ၊ အိမ်ခြံမြေမရှိတဲ့သူတွေ ရက်ကွက်ကနေ အိမ်ခြံမြေမရှိကြောင်း ထောက်ခံချက်ယူပြီး ကေအဲန်ယူအဖွဲ့ မှာ လျှောက်လွှာတင်တာပေါ့"
KNU က ရောင်းချထားတဲ့ မြေကွက်တွေဟာ ဧကတစ်ထောင်ကျော်လောက်ရှိပြီး ဝယ်ယူထားသူတွေထဲက တချို့ဟာ နေအိမ်ဆောက်လုပ်နေထိုင်နေကြပြီး တချို့ကခြံစည်းရိုးတွေ ခတ်ထားပြီးဖြစ်တာကြောင့် ဒီနေရာကနေ မဖယ်ရှားခိုင်းဖို့ နိုင်ငံတော်သမ္မတဆီကို မနေ့က အသနားခံစာ တင်ထားတယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်တဲ့ သတိပေးစာမှာတော့ အဲဒီမြေနေရာဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဦးစီးဌာနကပိုင်တဲ့ မြေနေရာဖြစ်တာကြောင့် မြေကွက်ဝယ်ယူထားသူတွေအနေနဲ့ မဖယ်ရှားပေးဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့လည်း ပါရှိတယ်လို့ သိရပါတယ်။