အစိုးရတပ် စစ်ရေးလှုပ်ရှားမှု ရပ်တန့်ရေး KNU အဓိက ဆွေးနွေး

KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေရဲ့ ဒုတိယအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို မနေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် KNU ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တေ့ွရစဉ်။ Karen National Union

အဲဒီ ဆွေးနွေးပွဲမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အဓိက ဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ်အတွင်း အစိုးရစစ်တပ်ရဲ့ တိုးချဲ့မှုတွေကို ရပ်တန့်ဖို့ KNU ဘက်က တင်ပြ တောင်းဆိုခဲ့တယ်လို့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက်ဆက်လက်ဆွေးနွေးဖို့သဘောတူညီခဲ့ပြီး လာမယ့် ဧပြီလအစောပိုင်းမှာ ထပ်မံ တွေ့ဆုံဖို့ သတ်မှတ်လျာထားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် KNU နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို ဇန်နဝါရီလက ကရင်ပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခု ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ KNU ဘက်က နော်စီဖိုးရာစိန် အပါအဝင် ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးနဲ့ တခြား KNU စစ်ရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင် တက်ရောက်ခဲ့ပါတယ်။

လက်ရှိ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ KNU ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင် လွတ်မြောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ဆေးနေတဲ့အမှု ပြီးဆုံးအောင် စောင့်ဆိုင်းပြီးမှ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ ရှိတယ်လို့ အစိုးရ ကိုယ်စားလှယ်တွေဘက်က ပြောဆိုခဲ့တဲ့အကြောင်း နော်စီဖိုးရာစိန်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org